DVB Logo
Home
Lead Story
ထရမ့်ပ်ကြောင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်သလား
DVB
·
December 1, 2024
ထရမ့်ပ်ကြောင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်သလား
Donate to DVB

ရင်းနှီးမြှုပ်နှံသူတွေနဲ့ မူဝါဒချမှတ်သူတွေကတော့ Trumponomics လို့ တင်စားကြတဲ့ ထရမ့်ပ်ရဲ့ စီးပွားရေးမူဝါဒ  အရသာကို ထပ်ပြီး ခံစားလိုက်ရပြန်ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့စတော့စျေးတွေ ကျကုန်ပြီး ဒေါ်လာစျေးကတော့ တက်လာပါတယ်။ အမေရိကန်ရဲ့ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ တရုတ်နဲ့ မက္ကဆီကိုတို့ကို သူ့ဒုတိယသက်တမ်း ပထမနေ့မှာတင် စည်းကြပ်ခွန်ကောက်မယ်လို့ ထရမ့်ပ်က ကြွေးကြော်ခဲ့အပြီးမှာ စျေးကွက်ပါ လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစည်းကြပ်ခွန် ခြိမ်းခြောက်မှုဟာ ဖန်တာနဲလ်လို နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးနဲ့ တရားမဝင် ရွှေ့ပြောင်းတွေ စီးဝင်မှု တင်းကျပ်ဖို့အတွက် ဖိအားပေးမှုတခုလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

စည်းကြပ်ခွန် (Tariff) ဆိုတာ ကုန်စည်တွေ နိုင်ငံတခုထဲကိုဝင်ရင် ပေးဆောင်ရတဲ့အခွန် ဖြစ်ပါတယ်။ တင်ပို့တဲ့ နိုင်ငံခြားကုမ္ပဏီက ဆောင်ရတာမဟုတ်ဘဲ တင်သွင်းတဲ့ ပြည်တွင်းက ကုမ္ပဏီက သူသွင်းတဲ့ကုန်အပေါ် အခွန်ဆောင်ရတာ ဖြစ်ပါတယ်။

ထရမ့်ပ်က ကနေဒါနဲ့ မက္ကဆီကိုကနေ အမေရိကန်ကိုဝင်တဲ့ ကုန်စည်အားလုံးအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်မှာ ဖန်တာနဲလ် မူးယစ်ဆေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတဲ့ တရုတ်ကို ရှိပြီးအပေါ်မှာ ထပ်တိုးစည်ကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်မယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

ဖန်တာနဲလ်ဟာ အကိုက်အခဲပျောက်ဖို့အတွက် တရားဝင်ဆေးဝါးအဖြစ် သုံးကြပေမဲ့ အမေရိကန်မှာ မူးယစ်ဆေးဝါး အကျပ်အတည်းဖြစ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်နေပါတယ်။ အမေရိကန်မှာ မနှစ်က တနှစ်တည်းတင် ဖန်တာနဲလ် အိုဗာဒို့စ်ဖြစ်ပြီး လူ ၇၅၀၀ လောက် သေဆုံးခဲ့ပါတယ်။

တရုတ်ဟာ ဖန်တာနဲလ်နဲ့ ဖန်တာနဲလ် ဆက်စပ်ပစ္စည်းတွေကို နိုင်ငံတကာမှာ ကုန်ကူးမှုရဲ့ ပင်မရင်းမြစ် ဖြစ်ပါတယ်။ အဲဒီလမ်းကြောင်း အများစုက မက္ကဆီကိုက မူးယစ်ဂိုဏ်းတွေကတဆင့် ဖြတ်သန်းတာ ဖြစ်ပါတယ်။ အချောသတ်ပြီးသား တရားမဝင် ဖန်တာနဲလ်တွေကို အမေရိကန်ကို တိုက်ရိုက်ပို့တာ မဟုတ်ဘဲ တရုတ်က မူးယစ်ကုန်ကူးသူတွေနဲ့ တင်ပို့သူတွေက မက္ကဆီကိုကို ဓာတုကုန်ကြမ်းပို့၊ အဲဒီကမှ ဖန်တာနဲလ်ထုတ်ပြီး အမေရိကကို ပို့နေတာဖြစ်ပါတယ်။

ဒါကြောင့် ထရမ့်ပ်က တရားမဝင်ရွှေ့ပြောင်းနဲ့ မူးယစ်ဆေးကိုကိုင်တွယ်ဖို့ စည်းကြပ်ခွန်နဲ့ ခြိမ်းခြောက်တာလို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဒီလို အခွန်ကို လက်နက်အဖြစ်သုံးတာဟာ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ ကနေဒါဒေါ်လာနဲ့ မက္ကဆီကို ပီဆိုတန်ဖိုးဟာ ထိုးကျသွားပါတယ်။ ဥရောပ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ထည့်မရည်ညွှန်းထားပေမဲ့ သူတို့စတော့တွေလည်း ထိုးကျသွားပါတယ်။ ကုန်သွယ်ရေးစစ်ပွဲသစ် ဖြစ်လာရင် ကမ္ဘာ့ ထောက်ပံ့ကွင်းဆက်တခုလုံး ကမောက်ကမဖြစ်ပြီး အမြတ်အစွန်းတွေ ထိုးကျမှာကို စိုးရိမ်နေကြပါတယ်။ ကားကုမ္ပဏီ စတော့တွေကတော့ အထိနာဆုံး ဖြစ်ပါတယ်။ မက္ကဆီကိုမှာ ကားထုတ်လုပ်နေတဲ့ ဗောက်စ်ဝက်ဂွန် Stellantis နဲ့ နစ်ဆန်းရှယ်ယာစျေးတွေ ထိုးကျသွားပါတယ်။ တရုတ်ကတော့ ဒီစည်းကြပ်ခွန်ကိစ္စဟာ တာဝန်မဲ့လွန်းပြီး ကုန်သွယ်ရေးစစ်ပွဲတပွဲမှာ ဘယ်သူမှ မနိုင်ဘူးလို့ သတိပေးထားပါတယ်။ 

ထရမ့်ပ်ရဲ့ ကုန်စည်တွေအပေါ်မှာ အကြီးအကျယ် စည်းကြပ်ခွန် ကောက်တာဟာ သက်ဆိုင်တဲ့ စီးပွားရေးအားလုံးကို ထိခိုက်စေနိုင်ပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာစေနိုင်သလို အလုပ်အကိုင်စျေးကွက်ကိုလည်း ထိခိုက်စေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ မက္ကဆီကိုသမ္မတ ကလော်ဒီယာရှိန်းဘောင်းကတော့ ထရမ့်ပ်ဆီကို စာပို့သွားမှာဖြစ်ပြီး ရွှေ့ပြောင်းကိစ္စနဲ့ ဖန်တာနဲလ်ကိစ္စကို လက်တွဲဖြေရှင်းလို့ရတယ်လို့ ပြောထားပါတယ်။

ကနေဒါဗဟိုဘဏ်ကလည်း ဒီလိုလုပ်မယ်ဆိုရင် နှစ်ဖက်စီးပွားရေးတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

မြောက်အမေရိကတိုက် အိမ်နီးချင်းတွေဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါဟာ အမေရိကန် ကားထုတ်လုပ်ရေးနဲ့ စွမ်းအင်ထုတ်လုပ်ရေးမှာ နှစ်ပေါင်းများစွာ ပတ်သက်နေတာ ဖြစ်ပါတယ်။ ဒီလို စည်းကြပ်ခွန် အရမ်းမြှင့်လိုက်ရင် ပစ်မှတ်ကို မှန်ပြီးရင် ပစ်သူဆီပြန်လာတဲ့ ဘူးမားရန်း လိုပဲ အမေရိကန်ကို ပြန်ထိမယ်လို့ ဝေဖန်နေကြတာလည်း ရှိပါတယ်။

ထရမ့်ပ်ဟာ အမေရိကန်ပထမ မူဝါဒကို အကောင်အထည်ဖော်ဖို့အတွက် စည်းကြပ်ခွန်ကိုသုံးဖို့ ဝန်မလေးဘူးဆိုတာ ဖော်ပြနေပါတယ်။ ဒါပေမဲ့လည်း ညှိနှိုင်းဖို့ နည်းဗျူဟာတခုအနေနဲ့ အသုံးချတာ ဖြစ်နိုင်တယ်လို့ ထရမ့်ပ်ကို ဘဏ္ဍာရေးထောက်ပံ့ပေးတဲ့ ဘီလ် အက်ခ်မန်းလို ပုဂ္ဂိုလ်တွေကအစ ယူဆထားပါတယ်။

ကုန်သွယ်ရေးသာမက ရွှေ့ပြောင်းနဲ့ မူးယစ်ဆေးဝါး ပြဿနာမှာပါ အထက်စီးက ညှိနှိုင်းနိုင်ဖို့ “ဖြဲ” တဲ့အကွက်တွေလို့ ယူဆရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထရမ့်ပ်ရဲ့ ပထမသက်တမ်းတုန်းကလိုပဲ သံတမန်ရေးနဲ့ ကမ္ဘာ့စီးပွားရေး လောကမှာ  မနက်အိပ်ရာနိုးလာရင် ဘာမူဝါဒတွေ ထပ်ထူးလာဦးမလဲဆိုတာ ဆိုရှယ်မီဒီယာမှာ ဝင်ဝင်ကြည့်ရတဲ့ အလေ့အထဟာ တခေတ်ပြန်ဆန်းလာဦးမယ်လို့လည်း သုံးသပ်နေကြပါတယ် ခင်ဗျာ။

Source: Reuters

စိုင်းခေတ်နွေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013