
ကနေဒါကနေ တင်သွင်းလာတဲ့ မော်တော်ကားတွေအပေါ် ကောက်ခံနေတဲ့ အခွန်ကို ထပ်တိုးမယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်လိုက်တာကြောင့် အိမ်နီးချင်း ၂ နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲဟာ ပိုမိုပြင်းထန်လာပါတယ်။
၂၀၂၇ ဇန်နဝါရီ ၁ ရက်မှာ ကနေဒါနိုင်ငံထုတ် လူစီးယာဉ်တွေ၊ ကုန်တင်ကားတွေနဲ့ ကားအပိုပစ္စည်းတွေ အပါအဝင် သံမဏိအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ အမေရိကန်နဲ့ ကနေဒါကြား ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ပြီးနောက် ဩဂုတ် ၂၄ ရက်က သမ္မတ ထရမ့်ပ်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။
အဲဒီဆွေးနွေးပွဲရဲ့ နောက်ဆုံးအချိန်ရောက်မှ မလိုလားအပ်တဲ့ တောင်းဆိုမှုတွေကို ပြုလုပ်ခဲ့တယ် ဆိုပြီး နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲထားကြပါတယ်။
အမေရိကန်ရဲ့ နောက်ဆုံးတောင်းဆိုမှုတွေထဲမှာ ကနေဒါဟာ ဘယ်နိုင်ငံတွေနဲ့ ကုန်သွယ်ရေး သဘောတူညီချက် ချုပ်ဆိုနိုင်တယ်၊ ဘယ်နိုင်ငံတွေနဲ့တော့ လက်မှတ်ရေးထိုးလို့ မရဘူး ဆိုတာမျိုး ကန့်သတ်ထားတဲ့ အချက်တချက် ပါဝင်နေကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် အမေရိကန် တနိုင်ငံတည်းအပေါ် အလွန်အမင်း မှီခိုနေရတာကနေ လျှော့ချပြီး ကနေဒါနိုင်ငံရဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ချဲ့ထွင်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
အလားတူ ကနေဒါအတွက် ကားထုတ်လုပ်ရေးလုပ်ငန်းတွေ အဓိကတည်ရှိရာ အွန်တဲရီယို ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ဒါ့ဂ်ဖို့ဒ်ဟာ ထရမ့်ပ်ဘက်က ခြိမ်းခြောက်လာမှုကို ဂရုစိုက်နေမှာ မဟုတ်ဘူးဆိုတဲ့ သဘောနဲ့ “Kiss My Ass” ဆိုပြီး မှတ်ချက်ပေးပါတယ်။
တချိန်တည်းမှာ ကနေဒါကနေ အမေရိကန်ကို တင်ပို့နေတဲ့ ရေနံနဲ့ ဓာတ်ငွေ့ အပါအဝင် လျှပ်စစ်ဓာတ်အားနဲ့ အရေးကြီးတဲ့ သတ္တုတွေအပေါ် အပိုဆောင်းနှုန်းထားနဲ့ ကောက်ခံသင့်တယ်လို့လည်း အကြုံပြုပါတယ်။
“ဘယ်လိုပြန်တုံ့ပြန်ကြမလဲ” ဆိုတာနဲ့ ပတ်သက်ပြီး ဖို့ဒ်ဟာ ကာနေးနဲ့ ဆက်လက်ဆွေးနွေးသွားဖို့ ရှိကြောင်း အတည်ပြုပါတယ်။
အမေရိကန်နိုင်ငံက တင်သွင်းနေတဲ့ ရေနံစိမ်းပမာဏစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့ ၁၀၀ ရာခိုင်နှုန်းနီးပါးကို ကနေဒါအနေနဲ့ ပံ့ပိုးပေးနေတာလို့ အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။











