
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ထိုင်းနိုင်ငံနယ်စပ်က မယ်ဆိုင်-မယ်ဟောက် ချောင်းဘေးတလျှောက် ထိုင်းနိုင်ငံနယ်နိမိတ်ထဲ မြန်မာဘက်ကဆောက်ထားတဲ့ အဆောက်အအုံတွေကို ကျူးကျော်လို့ဆိုပြီး စစ်ကောင်စီက ဖြိုဖျက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မယ်ဆိုင်ချောင်းဘေးတလျှောက်မှာ ဌာနဆိုင်ရာခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆောက်အအုံ ၇၈ လုံးထဲက မြန်မာဘက်အခြမ်းက ၃၃ လုံးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းက စတင်ဖျက်သိမ်း ဖယ်ရှားခဲ့တာလို့ တာချီလိတ်မြို့ခံတယောက်က ပြောပါတယ်။
“ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်တယ်ဆိုပြီး စက်ယန္တရားတွေနဲ့ လာဖျက်သွားတာ။ ချောင်းတောက်လျှောက်မှာ ဆောက်ထားတာက ထိုင်းဘက်အခြမ်းကလည်းပါတယ်။ အခုဟာက ဒီဘက်ကလူတွေဆောက်ထားတဲ့ အဆောက်အအုံတွေပဲ ဖျက်သွားတာ။ မြန်မာနိုင်ငံနယ်နိမိတ်ထဲ ထိုင်းဘက်ကဆောက်ထားတဲ့ အဆောက်အအုံ ၄၅ လုံးကိုတော့ ထိုင်းနိုင်ငံဘက်က ဖြိုဖျက်တာ မရှိသေးဘူး”
မယ်ဆိုင်-မယ်ဟောက်ချောင်းတလျှောက် ထိုင်းနိုင်ငံနယ်နိမိတ်ထဲ မြန်မာဘက်က ဆောက်ထားတဲ့ RC နှစ်ထပ်၊ RC တထပ် အဆောက်အအုံ၊ သစ်သားအိမ်၊ ဂိုဒေါင် ၈ လုံး၊ အဆောက်အအုံနောက်ဘက်ပိုင်း ၅ ခု၊ အုတ်တံတိုင်းနဲ့ အုတ်နံရံ ၁၆ ခု၊ အိမ်သာ၊ ရေတင်စင်၊ ဆီသိုလှောင်ကန် ၄ ခု၊ စုစုပေါင်း ၃၃ ခု ဖျက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး ရေကြီးရေလျှံမှုနဲ့ ရွှံ့နွံဖုံးလွှမ်းမှုတွေ ကြုံတွေ့ခဲ့ရတာနဲ့ ပတ်သက်ပြီး မယ်ဆိုင်ချောင်းတလျှောက် နှစ်ဖက်ကျူးကျော်ထားတဲ့ နေရာကိစ္စတွေ အပြင် ရွှေတူးဖော်တာကြောင့် ရေကြီးရေလျှံတာ၊ ချောင်းရေညစ်နွမ်းပြီး ရွှံ့နွံတွေပါလာတဲ့ကိစ္စကို မယ်ဆိုင်ဘက် ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာအချင်းချင်း ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
အလားတူ တာချီလိတ်အထက်ပိုင်း မိုင်းဆတ်ခရိုင်ထဲမှာ အဆက်မပြတ် ရွှေတူးဖော်တာတွေကြောင့် တာချီလိတ်နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြားက မယ်ဆိုင်ချောင်းအတွင်း ရေညစ်ညမ်းလာနိုင်တဲ့ အခြေအနေနဲ့ပတ်သက်လို့ ရေထုအရည်အသွေးနဲ့ အဆိပ်သင့်မှုအတွက် အနီးကပ်စောင့်ကြည့်သင့်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အခုနှစ် မတ် ၈ ရက်နေ့က အသိပေး ထုတ်ပြန်ထားပါတယ်။










