
ကုမ္ပဏီတွေအနေနဲ့ နှစ်စဉ်အစီရင်ခံစာ မတင်ပြလို့ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က နိုဝင်ဘာတလအတွင်း ကုမ္ပဏီပေါင်း ၁,၅၀၀ ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်လိုက်ပါတယ်။
နိုဝင်ဘာ ၄ ရက်မှာ ကုမ္ပဏီ ၅၀၀၊ နိုဝင်ဘာ ၁၁ ရက်မှာ ကုမ္ပဏီ ၅၀၀၊ နိုဝင်ဘာ ၂၀ ရက်မှာ ကုမ္ပဏီ ၅၀၀ စုစုပေါင်း ကုမ္ပဏီ ၁,၅၀၀ ကို မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခဲ့တာပါ။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀(စ) အရ အခုလို မှတ်ပုံတင်စာရင်းက ပယ်ဖျက်လိုက်တာလို့ DICA က ဆိုပါတယ်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေမှာ သတ်မှတ်ကာလအတွင်း နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေကို မှတ်ပုံတင်စာရင်းက ပယ်ဖျက်သွားမယ်လို့ ပြဋ္ဌာန်းထားပြီး ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီတွေဟာ မိမိကုမ္ပဏီကို ဆက်လက်အသက်သွင်းချင်ရင် တရားရုံးကို ဦးတိုက်လျှောက်ထားရမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းက မြန်မာနိုင်ငံသားပိုင် လုပ်ငန်းတွေအပြင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေပါ စီးပွားရေးလုပ်ကိုင်ရခက်တဲ့ အနေအထားကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းနေကြရတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ကို ရောက်သွားတဲ့ DICA ဟာ ကုမ္ပဏီတွေအပေါ် တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပြီး အခုအခါမှာ မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီပေါင်း သောင်းချီနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အရင်က အခကြေးငွေပေးပြီး ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့တဲ့ ကုမ္ပဏီဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စတင်ပြီး စစ်ကောင်စီက ပိတ်ပင်ခဲ့ပါတယ်။











