DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်အသစ်များကြောင်း အစီရင်ခံစာသစ် မိတ်ဆက်
DVB
·
June 19, 2026
Photo: DVB
Photo: DVB
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသစ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို မှတ်တမ်းတင်ထားတဲ့ အစီအရင်ခံစာသစ်ကို ဇွန် ၁၈ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်မှာ မိတ်ဆက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုတွေကို အာရုံစိုက်လာစေဖို့ ခုလို အစီရင်ခံစာ ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

ဒီအစီရင်ခံစာကတော့ “ရောက်ရှိချိန်မှ အသက်ရှင်ရပ်တည်ရေးအထိ - ဘင်္ဂလားဒေ့ရှ်ရှိ အသစ်ရောက်ရှိလာသော ရိုဟင်ဂျာဒုက္ခသည်များ၏ အခြေအနေများ” (From Arrival to Survival: Conditions of Newly Arrived Rohingya Refugees in Bangladesh) လို့ အမည်ရပြီး Youth Congress Rohingya (YCR) က သုတေသနပြုစုခဲ့တာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာ မိတ်ဆက်ပွဲကိုတော့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Fortify Rights ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ The Fort က စီစဉ်ကျင်းပပေးခဲ့ပြီး သုတေသီတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ပညာရှင်တွေ ပါဝင်တဲ့ စကားဝိုင်းဆွေးနွေးပွဲလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။

ဒီအစီရင်ခံစာအတွက် သုတေသနကိုတော့ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းအသီးသီးကို အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၃၇၀ ရဲ့ အချက်အလက်တွေကို ကောက်ယူပြုစုထားတာလည်း ဖြစ်ပါတယ်။

အစီရင်ခံစာမှာ အာရက္ခတပ်တော် (AA) နဲ့ မြန်မာစစ်တပ်တို့က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားတယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တရားဝင် မှတ်ပုံတင်ပေးတာမျိုး မရှိတဲ့အတွက် အသစ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိဖို့ ရုန်းကန်နေရတယ်လို့ Fortify Rights ရဲ့ ဒါရိုက်တာ ဂျွန်ကွင်န်လီက ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နိုင်ငံထဲကို ဝင်ရောက်လာတဲ့ ဒုက္ခသည်သစ်တွေကို မှတ်ပုံတင်ခွင့်ပြုပြီး ဝန်ဆောင်မှုတွေ လွယ်လွယ်ကူကူ ရရှိအောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒုက္ခသည်တွေ ဆက်လက်ထွက်ပြေးနေရဆဲဖြစ်ပြီး သူတို့ကို နယ်စပ်ကတဆင့် ပြန်လည်မောင်းထုတ်တာမျိုး မလုပ်ဆောင်သင့်ကြောင်းလည်း ထပ်လောင်းပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတွေ လျော့ကျလာတာကြောင့်လည်း ဒုက္ခသည်စခန်းတွေအတွင်း အခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

“လူသားချင်းစာနာမှု အကူအညီတွေ မရှိဘဲနဲ့ ဒုက္ခသည်တွေ စခန်းတွေမှာ ဆက်လက်နေထိုင်နိုင်မှာ မဟုတ်ပါဘူး” လို့ ဂျွန်ကွင်န်လီက ပြောလိုက်ပြီး အသစ်ရောက်ရှိလာသူတွေအတွက် အကူအညီတွေ တိုးချဲ့ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နိုင်ငံတကာ အလှူရှင်တွေကို တောင်းဆိုခဲ့ပါတယ်။

Youth Congress Rohingya (YCR) ရဲ့ စေတနာ့ဝန်ထမ်း သုတေသနအကြံပေး ဟေလီ ရစ်ဆ်မာက ဒီအစီရင်ခံစာဟာ ရိုဟင်ဂျာတွေရဲ့ အသံတွေနဲ့ အတွေ့အကြုံတွေကို အဓိကထား ဖော်ပြထားတဲ့အတွက် အရေးပါတယ်လို့ ဆိုပါတယ်။

“လူတွေက ရိုဟင်ဂျာတွေကိုယ်စား ဒါမှမဟုတ် ရိုဟင်ဂျာတွေအကြောင်း အမြဲပြောနေကြပေမဲ့ အဲဒီဆွေးနွေးပြောဆိုမှုတွေမှာ ရိုဟင်ဂျာတွေကိုယ်တိုင် ချန်လှပ်ခံထားရလေ့ ရှိပါတယ်။ Youth Congress Rohingya က လုပ်ဆောင်နေတဲ့ အလုပ်မျိုးဟာ အရမ်းကို အရေးကြီးပါတယ်။”

ဟေလီ ရစ်ဆ်မာရဲ့ ပြောဆိုမှုအရ အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည်တွေဟာ အကူအညီတွေ ရရှိဖို့ ကြီးလေးတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့် အရင်းအမြစ်တွေ ပိုမိုကျပ်တည်းလာနေတဲ့ စခန်းတွေမှာ နေထိုင်နှင့်ပြီးဖြစ်တဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေအပေါ်မှာသာ မှီခိုနေကြရတယ်လို့ သိရပါတယ်။

ဒီအစီရင်ခံစာကို ရေးသားသူတွေက ဒေသတွင်း အစိုးရတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတွေနဲ့ နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာရတာရဲ့ အရင်းခံအကြောင်းတရားတွေကို ဖြေရှင်းပေးဖို့နဲ့ တချိန်တည်းမှာပဲ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပိုကောင်းမွန်တဲ့ အကာအကွယ်နဲ့ အကူအညီတွေ ပံ့ပိုးပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013