DVB Logo
Home
မြန်မာသတင်း
ဟားခါးနှင့်ထန်တလန်ကြားရှိ ပွိုင့်သရီး စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
DVB
·
November 27, 2024
ဟားခါးနှင့်ထန်တလန်ကြားရှိ ပွိုင့်သရီး စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးနဲ့ ထန်တလန်မြို့နယ်ကြားက စစ်ကောင်စီတပ် အထိုင်စခန်းဖြစ်တဲ့ ပွိုင့်သရီးစခန်းကို နိုဝင်ဘာ ၂၅ ရက်မှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ Chinland Information Center ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီဘက်က ပြန်ပြီးတပ်စွဲနေတဲ့ ဟားခါးနဲ့ ထန်တလန်ကြားက ပွိုင့်သရီးစခန်းကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာပါ။”

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက် ၇ လက်နဲ့ ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေရှိသလို ဒဏ်ရာရတဲ့သူ ၂၀ နီးပါးရှိပြီး ချင်းပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၂ ယောက် ကျဆုံးကာ ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “တိုက်ပွဲက ၂၂ ရက်နေ့ကတည်းစပြီး ၂ နေရာခွဲပြီး တိုက်ခဲ့တာ။ ဟားခါးအထက်မှာရှိတဲ့ စခန်းငယ်တခုကို စပြီးတော့ ဝင်စီးပေမဲ့ အပြီးမသတ်နိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟားခါးကနေ စစ်ကူလာလို့။ အဲဒီစခန်းငယ်တိုက်ပွဲကနေလည်း အလောင်း ၂ လောင်းနဲ့ သေနတ် ၂ လက် ရခဲ့တယ်ပေါ့။ အဲဒါပြီးတော့မှ စစ်ကောင်စီအင်အား ၃၀ နဲ့ ၃၅ လောက်ရှိတဲ့ အခုပွိုင့်သရီးစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ဟားခါးနဲ့ ထန်တလန်မြို့နယ်အစပ်က စစ်ကူပို့တဲ့ မိန်းလမ်းကို ထိန်းချုပ်တဲ့ ဒီပွိုင့်သရီးစခန်းကို စစ်ကောင်စီဘက်က ပြန်ရထားတာက အခုတိုက်ပွဲစတာနဲ့ဆို သူတို့ဘက်က စိုးမိုးခြေကုပ်ယူထားတာ ၁ လခွဲ ၂ လလောက်ပေါ့နော်၊ အဲဒီနောက် အခုပြန်ရတာပါ” လို့ DVB ကို ပြောပါတယ်။

ပွိုင့်သရီးစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တာဟာ စစ်ကောင်စီဘက်က ဟားခါးကနေ ထန်တလန်ဘက်ကို ပို့ဆောင်မယ့် စစ်တပ်ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို အဓိက ဖြတ်တောက်လိုက်တာလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ နိုဝင်ဘာ ၂၇ ရက်အထိ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ပွိုင့်သရီး စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ချင်းပြည်ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ထန်တလန်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက စတင်ခဲ့ပြီး ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013