DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်  စပါးခင်းထောင်ချီ ပျက်စီး
DVB
·
November 27, 2024
ညောင်လေးပင်တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်  စပါးခင်းထောင်ချီ ပျက်စီး
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း စပါးရိတ်သိမ်းချိန် စစ်တပ်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စပါးခင်းထောင်နဲ့ချီ ပျက်စီးကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဟာ ၃ နယ်မြေ၊ ကျောက်ကြီး၊ မုန်းမြို့နယ် အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်းဗုံးကြဲချပြီး စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ညောင်လေးပင်ခရိုင်အတွင်း မိုးစပါးစိုက်ဧက ၆၂,၀၀၀ နီးပါးကို ဒေသခံ ၂၀၀,၀၀၀ ကျော်က စားဝတ်နေရေးအတွက် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

စပါးရိတ်သိမ်းချိန် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတာတွေကြောင့် အင်းတိုင်ကုန်း၊ ရေလဲ၊ ထန်းပင်ကုန်း၊ နောင်ကုန်း စတဲ့ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတ‌ယောက်က ပြောပါတယ်။

“စပါးရိတ်ဖို့လုပ်နေတဲ့အချိန်မှာ စစ်ကြောင်းတွေထိုးလာတယ်။ လက်နက်ကြီးတွေနဲ့ ထုတယ်ဆိုတော့ ဘယ်ရိတ်ရဲတော့မလဲ။ ထွက်ပြေးရတာပေါ့။ ဒီနေ့ အတီး(အဖိုး)တို့ဘက် မလှမ်းမကမ်းမှာ တလုံးကျတယ်။ စပါးတွေလည်း ပစ်ထားခဲ့ရတယ်။ တချို့က ရိတ်ပြီးပြီ။ ဒါပေမဲ့ မသယ်ရဘူး။ ပဲတွေလည်း ထွန်းထားတာ မကြဲရတာတွေရှိတယ်။” 

နိုဝင်ဘာ ၂၀ ရက်​ ​မွန်းလွဲ ၁၀ နာရီခွဲလောက်က နတ်သံကွင်းမှာ အခြေချတပ်စွဲနေတဲ့ စစ်​ကောင်စီတပ်က ရေလဲ​၊ သဲကုန်း၊ အညာစု၊ ငနွားဆိပ်၊ ဝက်တူးအနောက်၊ ရွာကြီးအင်း၊ တောင်စုကြားကျေးရွာတွေဘက်ကို လက်နက်ကြီး ၁၇ လုံး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူတ‌ယောက်က “စပါးဆိုရင် ရိတ်လို့မရဘူး။ စစ်ကြောင်းထိုးပြီး ရွာတွေမှာ ထိုင်(တပ်စွဲ)နေတော့။ အဲလိုအခက်အခဲရှိတယ်။ လက်နက်ကြီးတွေထုပြီး ဆက်တိုးတယ်။   လက်နက်ကြီးက ပုံမှန်ပဲ နေ့တိုင်းလိုလိုပဲ ပစ်တယ်။ တရက်ခြား ၂ ရက်ခြားဆို ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ စစ်ကြောင်းထိုးတာက နတ်သံကွင်း၊ နောင်ကုန်း၊ ကျွန်းကုန်းတို့ဘက်အထိ ရောက်တော့ အဲမှာရှိတဲ့ စပါးတွေက ရိတ်သိမ်းချိန် တန်ပြီလေ။ အခု အဲဒီလိုပဲ ထားထားရတယ်။ တချို့ဆိုရင် ပျက်စီးတောင် ပျက်စီးကုန်ပြီ။ ခန့်မှန်းခြေ ၁,၀၀၀ ကျော်ဝန်းကျင်ရှိတယ်။ စစ်ကောင်စီဝင်ထိုင်တော့ ဘယ်သူမှ မရိတ်ရဲတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပြည်သူနဲ့ ရန်သူ ရှိနိုင်တဲ့ နေရာတွေကို တောက်လျှောက်ပစ်ခတ်နေတာဟာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ မဟုတ်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “တချို့ပြည်သူတွေက ဘုတလင်ကိစ္စလိုဖြစ်မှာ ကြောက်လို့ ရအောင်ရှောင်ကြတာ။ ကျန်းမာရေးက ပိုဆိုး။ ကျန်းမာတဲ့သူတွေက ပြေးနိုင်လွှားနိုင်တယ်။ လူမမယ်ကလေးတို့၊ ကိုယ်ဝန်ဆောင်မိခင်တို့ ပိုဆိုးတာပေါ့။ နေ့တိုင်းကတော့ လက်နက်ကြီးက ပြည်သူရှိနိုင်တဲ့နေရာကော ရန်သူရှိနိုင်တဲ့နေရာကော တောက်လျှောက် ပစ်နေတယ်။ ဒီနေ့ဆိုရင် ဟောက်ဝစ်ဇာတွေ ပစ်သေးတယ်။ အခုက ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွေ မဟုတ်တော့ဘူး။ လက်နက်ကြီးရှင်းပြီးမှ လူက နောက်ကသွားတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းတာ၊ စစ်တောင်းမြစ် အထက်ပိုင်းက ဆည်တွေကနေ ရေလွှတ်ခဲ့တာကြောင့် ရေကြီးရေလျှံတာတွေ ၂ ကြိမ် ဖြစ်ပေါ်ခဲ့ပါတယ်။

ရေကြီး‌ရေလျှံမှုကြောင့် ကျေးရွာ ၃၀၀ နီးပါး၊ အိမ်ခြေ ၃၂,၀၀၀ ကျော်၊ လူဦးရေ ၁၆၀,၀၀၀ ကျော်ဟာ ရေဘေးသင့်ခဲ့တဲ့အပြင် စိုက်ပျိုးပြီးမိုးစပါး ဧက ၆၂,၀၀၀ နီးပါးထဲက ဧက ၈၀ ရာခိုင်နှုန်းနီးပါး ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအတွင်း မိုးစပါးစိုက်ဧက ၂၆ သိန်းရှိပြီး နှစ်စဉ် ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြား ပျက်စီးဆုံးရှုံးတယ်လို့ စိုက်ပျိုးရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013