DVB Logo
Home
မြန်မာသတင်း
အဓမ္မစစ်မှုထမ်းခိုင်းစေခံရသည့် စစ်ကောင်စီ တပ်သား ၄ ဦး မီဇိုရမ်ဘက် ထွက်ပြေးခိုလှုံ
DVB
·
November 27, 2024
အဓမ္မစစ်မှုထမ်းခိုင်းစေခံရသည့် စစ်ကောင်စီ တပ်သား ၄ ဦး မီဇိုရမ်ဘက် ထွက်ပြေးခိုလှုံ
Donate to DVB

စစ်မှုမထမ်းမနေရ ဉပဒေကြောင့် အဓမ္မစစ်မှုထမ်းခိုင်းစေခံရသူ မြန်မာစစ်ကောင်စီတပ်သား ၄ ယောက်ဟာ စစ်တပ်ကို စွန့်ခွာပြီး အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံလာတဲ့အကြောင်း Hindustan Times သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် နေ့လယ် ၂ နာရီလောက်က အဆိုပါ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ မြန်မာနိုင်ငံဘက်ခြမ်း ဟားခါးဒေသကနေ အိန္ဒိယပိုင်နက်ထဲက ဇိုခေါထာမြို့ထဲကို ခြေလျင် ၁ ရက်၊ ဗင်ကားနဲ့ ၁ ရက်၊ စုစုပေါင်း ၂ ရက်ကြာ ခရီးနှင်ပြီးနောက် တိတ်တဆိတ် ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

သူတို့ ၄ ယောက်ရဲ့ နာမည်တွေကိုတော့ အသက် ၂၆ နှစ်အရွယ် ခန့်သူရစိုးနဲ့ သီဟကျော်၊ အသက် ၃၀ အရွယ် စိုးအောင်နဲ့ တင်ကိုကိုလွင်တို့ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပြီး သူတို့ဟာ အိန္ဒိယနိုင်ငံဘက်ကို ပထမဆုံး ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီတပ်သားတွေ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒီအရင်ကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာစစ်ကောင်စီတပ်သားတွေ ၈၀၀ နီးပါး ဝင်ရောက်လာခဲ့ဖူးပြီး နေရပ်ပြန်ပို့ခဲ့ပေမဲ့ သူတို့ ၄ ယောက်ရဲ့ ဖြစ်စဉ်နဲ့တော့ ကွာခြားနေတယ်လို့ ဆိုပါတယ်။

သူတို့ဟာ စစ်တပ်ကနေ သူတို့သဘောဆန္ဒအလျောက် ထွက်ခွာလာခဲ့ကြပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် မပြီးမချင်း အိန္ဒိယနိုင်ငံမှာ နေထိုင်လိုတယ်လို့ ပြောတဲ့အကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်သား ခန့်သူရစိုးက “ကျနော်တို့ကို အခုတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဟားခါးမှာ တာဝန်ချထားခံရတာပါ။ ဒါဟာ မြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေထဲက တခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက စစ်သား ၁၅ ယောက် တိုက်ပွဲကျပါတယ်။ ကျနော်တို့အားလုံး ပြီးခဲ့တဲ့နှစ်ကမှ စစ်တပ်ထဲရောက်လာတဲ့ တပတ်စဉ်ထဲကပါ။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေ မဖြစ်မနေ စစ်မှုထမ်းရတာကြောင့် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ ၄ လလောက် ကြာခဲ့ပါတယ်” လို့ ပြောပါတယ်။

ဟားခါးကနေ အိန္ဒိယနယ်စပ်ဆီရောက်ဖို့ ဗင်ကားတစီးကို မြန်မာငွေ ၁၃ သိန်းနီးပါးလောက် ကုန်ကျပေမဲ့ သူတို့ကတော့ တပြားတချပ်မှ မပေးခဲ့ရဘူးလို့ ဆိုပါတယ်။

သီဟကျော်က “ကျနော်တို့က စစ်တပ်ကနေ ဆန္ဒအလျောက်ထွက်ပြီး ကျနော်တို့ရဲ့ လက် နက်တွေကို လှူဒါန်းခဲ့တာကြောင့် ဆုကြေးငွေ ချီးမြှင့်ခံရသလို PDF တွေကလည်း မြန်မာ ဒုက္ခသည်တွေ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံဖို့ ဗန်ကားတွေ၊ ဆိုင်ကယ်တွေတောင် စီစဉ်ပေးပြီး ကူညီနေကြပါတယ်။ အမျိုးသားတွေဆိုရင် အရပ်ဘက် တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူးပေါင်းဖို့ အကြံပြုထားသလို အမျိုးသမီးတွေကို အိန္ဒိယဘက် ဝင်ရောက်ဖို့ ကူညီပေးတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခနဲ့ တိုက်ပွဲတွေ ဒေသအနှံ့ဖြစ်ပွားနေပြီး သူတို့ ၄ ယောက်က ချင်းပြည်နယ်၊ ဟားခါး၊ ဖလမ်းနဲ့ ထန်တလန်ဒေသတွေအတွင်းက စစ်တပ်နဲ့ တော်လှန် ရေးအင်အားစုတွေကြား တိုက်ပွဲတွေမှာ မျက်မြင်လက်တွေ့ ကြုံခဲ့ကြရသူတွေဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တာအတွင်းမှာ အသက်ဘေးက ၂ ကြိမ်တိုင်တိုင် လွတ် မြောက်လာခဲ့သူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်သား စိုးအောင်က “မြန်မာပြည်ထဲက မထွက်လာခင် ၃ ရက်လောက်မှာ ကျနော်တို့ထဲက အသက် ၂၄ နှစ်အရွယ် တယောက် ပစ်ခတ်မှုအတွင်း သေသွားခဲ့တယ်။ ကျနော်တို့ တဖွဲ့တည်းဖြစ်ပြီး ဟားခါးနဲ့ ထန်တလန်အကြား ကင်းလှည့်နေချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုးပြီး ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ အဲဒီနေ့က သူတို့ဘက်က လူတွေရဲ့အင်အားက ငါတို့ထက်သာတယ်။ ရွေးစရာမရှိလို့ စစ်တပ်ထဲ ဝင်ခဲ့တဲ့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်လည်း အသက်ဆုံးရှုံးသွားတယ်။ တိုက်ပွဲထဲ ပစ်သတ်ခံခဲ့ရပြီး ကျနော်တို့ ထွက်ပြေးခဲ့ကြရတယ်” လို့ ပြောပါတယ်။

သူတို့ဟာ စစ်သင်တန်း ၇ လကြာ လေ့ကျင့်မှု ပြီးတဲ့အချိန်မှာ ၄ လကြာလောက် စစ်တပ်ထဲမှာ နေခဲ့ရပြီး ဒီလို အဖြစ်အပျက်တွေကြောင့် ဒုက္ခရောက်ခဲ့ရသလို ဟားခါးနဲ့ ထန်တလန်လို နေရာတွေမှာ စစ်ကောင်စီတပ်တွေက ၂ ရက်ခြားတခါလောက် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ခန့်သူရစိုးကတော့ “ထန်တလန်မြို့က ပြားသွားတယ်။ အဲဒီမှာ တာဝန်ထမ်းဆောင်ပြီး စစ်ပွဲရဲ့ ကြောက်မက်ဖွယ်ကောင်းမှုတွေကို တွေ့ခဲ့ရပါတယ်။ တစ္ဆေမြို့တမြို့ လိုပါပဲ။ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေ နိုင်ငံအနှံ့အပြားနဲ့ မီဇို ရမ်ပြည်နယ်ကိုတောင် ထွက်ပြေးခဲ့ကြရတယ်။ တိုက်ပွဲတွေ အမြန်ဆုံးပြီး ပြည်သူတွေ နေရပ်ပြန်နိုင်ပါစေလို့ ဆုတောင်းပါတယ်” လို့ ပြောပါတယ်။

သူတို့ မြန်မာပြည်ထဲကနေ မထွက်ခွာခင်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ သူတို့ သိထားသမျှ စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်နိုင်ဖို့ စစ်စခန်းတွေ၊ မြေပြင်အခြေအနေတွေကို မျှဝေခဲ့တယ်လို့လည်း ဆိုပါတယ်။

သူတို့ ၄ ယောက်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက သူတို့ဘက်ကနေ တိုက်ပွဲဝင်ပေးဖို့  တောင်းဆိုခဲ့ပေမဲ့ လွန်ခဲ့တဲ့ သုံးလလောက်က သွေးထွက်သံယိုတိုက်ပွဲတွေကြား အများ ကြီးကြုံတွေ့ခဲ့ရတာကြောင့် အချိန်ပေးဖို့ တောင်းဆိုခဲ့ပြီး သူတို့ရဲ့ ဦးစားပေးအနေနဲ့ မိ သားစုဝင်တွေကို အိန္ဒိယကို ခေါ်ဆောင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့အားလုံးက မိသားစုတွေကို ထားခဲ့ကြရတယ်။ စစ်တပ်ကနေထွက်ဖို့ အခွင့်အ ရေးမရှိဘူး။ ထွက်ဖို့တောင်းဆိုရင် ထောင်ကျလိမ့်မယ်။ အခုလောလောဆယ်တော့ ကျနော်တို့က လုံခြုံနေပြီး မြန်မာနိုင်ငံက တိုက်ပွဲတွေ ပြီးသွားမှပဲ ပြန်မှာပါ။ ဒါက ယာယီပါပဲ။”

လက်ရှိမှာတော့ သူတို့ ၄ ယောက်ဟာ မြန်မာနိုင်ငံက တခြားဒုက္ခသည် ၉၀၀ ကျော်နဲ့အတူ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်  အချိန် ၃ နှစ်အတွင်း မြန်မာနိုင်ငံသား ၃၀,၀၀၀ လောက် အိန္ဒိယနိုင်ငံဘက်ခြမ်းကို ဝင်ရောက်ကာ မီဇို ရမ်ပြည်နယ်ထဲမှာ နေထိုင်နေကြတယ်လို့ သိရပေမဲ့ မြေပြင်မှာ လုပ်ဆောင်နေတဲ့ အေဂျင်စီ အများစုရဲ့ အဆိုအရ အမှန်တကယ် အရေအတွက်ဟာ နှစ်ဆ၊ ဒါမှမဟုတ် သုံးဆလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံထဲကို ဒုက္ခသည်အများအပြား ဝင်ရောက်လာမှုက လာမည့်နှစ်တွေအတွင်း  ပြည်တွင်းလုံခြုံရေးပြဿနာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။

ဒါ့အပြင် ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် နယ်စပ် ခြံစည်းရိုး ဆောက်ဖို့ စတင်လုပ်ဆောင်နေပေမဲ့ အဆိုပါစီမံကိန်းက နှစ်နဲ့ချီ ကြာမြင့်နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မီဇိုရမ်ပြည်နယ် အစိုးရကတော့ ဒုက္ခသည်တွေကို ကြိုဆိုပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေသလို ဒုက္ခသည်တွေအတွက် အလုပ်အကိုင်၊ ဒါမှမဟုတ် အသေးစားလုပ်ငန်းတွေ စတင်နိုင်ဖို့ ကူညီပေးနေပြီး ဒုက္ခသည်ကလေး ရာပေါင်းများစွာဟာလည်း ပြည်နယ်တွင်း စာသင်ကျောင်းတွေမှာ ပညာသင်ကြားခွင့်ရနေတယ်လို့ ဆိုပါတယ်။

Source: Hindustan Times 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013