
စစ်မှုထမ်းခိုင်းဖို့အတွက် အသက်မပြည့်သေးတဲ့ ကလေးတွေကို လူစုဆောင်းတဲ့အမှု ၄ မှုကို ဖြေရှင်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (NCM) က ထုတ်ပြန်ပါတယ်။
NCM က ဆောင်ရွက်ဆဲ အမှုတွေကို ထုတ်ပြန်တာဖြစ်ပြီး အချိန်ကာလနဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။
အဲဒီထုတ်ပြန်ချက်မှာ အသက်မပြည့်စုဆောင်းမှု ၄ မှ၊ အဓမ္မခိုင်းစေမှု ၃ မှုနဲ့ လူကုန်ကူးမှု တမှုတို့ကို ဆောင်ရွက်ဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဖို့လူစုဆောင်းတာ၊ ပေါ်တာဆွဲရာမှာ အသက်မပြည့်တဲ့သူတွေ ပါဝင်ခဲ့တာရှိပြီး မြေပြင်မှာ ထုတ်ပြန်ထားတဲ့ ပမာဏထက် ပိုများတယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတွေက ပြောပါတယ်။
အမျိုးသားအဆင့်သုံးပွင့်ဆိုင်ယန္တရားမှ အလုပ်သမားကိုယ်စားလှယ်ဟောင်းတယောက်က "ပတ်ဝန်းကျင်မှာလည်းကြားနေရတာပဲ။ အသက်မပြည့်ဘဲ ခေါ်သွားတယ်ဆိုတာမျိုး၊ ILO ကလည်း ကလေးစစ်သားကိစ္စနဲ့ပတ်သက်လို့ သတိပေးတာမျိုးတွေရှိတော့ သူတို့ဒါကို ဖြေရှင်းဆောင်ရွက်နေပါတယ်ဆိုတာ ပြနိုင်ဖို့ အခုလို ထုတ်ပြန်တာဖြစ်နိုင်တယ်။”
မြန်မာနိုင်ငံအနေနဲ့ ၂၀၀၇ ခုနှစ်ကစပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)နဲ့ ပူးပေါင်းပြီး အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားချက်တွေကို ဖြေရှင်းဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (NCM) ကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
NCM အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီကို အလုပ်သမားဝန်ကြီးဌာနအပါအဝင် စစ်ကောင်စီသြဇာခံ ဆက်စပ်ဝန်ကြီးဌာနတွေ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်ရဲ့ ကိုယ်စားလှယ်၊ အလုပ်ရှင်အလုပ်သမားကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။










