DVB Logo
Home
မြန်မာသတင်း
မထောစခန်းကထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး
DVB
·
November 26, 2024
မထောစခန်းကထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး
Donate to DVB

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်ရဲ့ မထောစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ထပ်မံ ကြားဖြတ်တိုက်ခိုက်ရာ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ကေအန်ယူ  တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်(မူတြော်)ခရိုင်က စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာကြောင့် နိုဝင်ဘာ ၂၂ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်  ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ယောက် သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေနဲ့  ဒဏ်ရရှိသူတွေဟာ တောင်သုံးလုံးစခန်းကို ရောက်ရှိသွားပြီလို့ ခန့်မှန်းရကြောင်း တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“မထောစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်‌ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မထောနဲ့ တောင်သုံးလုံးကြားမှာ ဖြန့်ကျက်ထားတဲ့သူတွေ ရှိတဲ့အခါကျတော့ တိုးပြီး တိုက်ပွဲဖြစ်ပြီး အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ယောက်လောက် ကျသွားတယ်။”

ဒါ့အပြင် ကမမောင်းဘက်က တက်လာတဲ့ စစ်ကောင်စီ စစ်ကူစစ်ကြောင်းဟာ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ဘောကျိုးလယ်ရွာမှာ ရောက်ရှိနေပါတယ်။

စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်နေတာကြောင့် ဖာပွန်မြို့တွင်းနဲ့ အနီးအနားကျေးရွာက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘားအံ၊ ကမမောင်း၊ မြိုင်ကြီးငူ၊ ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်းနဲ့ နီးစပ်ရာ ဆွေမျိုးတွေရှိရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဖာပွန်မြို့ခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကြောက်ပြီး ပြန်လည်နေထိုင်သူ မရှိသေးဘူးလို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“ဖာပွန်မြို့ပေါ်မှာကတော့ အခုလောလောဆယ်အနေနဲ့ ဘယ်သူမှ ပြန်မနေသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြို့သူမြို့သားတွေ ရပ်သူရပ်ကွက်သားတွေက ပြန်နေလို့မရဲဘူး။ စစ်ကောင်စီ လေယာဉ်ပျံက အချိန်မရွေး လာပစ်တဲ့အခါကျတော့ သူတို့လည်း ကြောက်နေတယ်။ မြို့သူမြို့သားတွေက  ဒါ့ကြောင့်မို့ မနေသေးဘူး။”

စစ်ရှောင်နေတဲ့ ဖာပွန်မြို့ခံ ပြည်သူတွေဟာ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးယူမှ ပြန်နေမယ့်သူတွေ ရှိသလို ရောက်ရာဒေသမှာ အခြေချနေထိုင်သွားမယ့် ပြည်သူတွေလည်း ရှိနေပါတယ်။

ရပ်မိရပ်ဖတယောက်က “ပြန်ဖို့က တယောက်မှ ပြန်မရဲတာ။ နှစ်ဦးနှစ်ဖက်က ငြိမ်းချမ်းရေးယူပြီးမှ ပြန်ရဲမယ်။ သူတို့ပုံစံကြည့်ရတာ ဒီပုံစံနဲ့ဆိုရင် ဘယ်သူမှ ပြန်မရဲဘူး။ ကြောက်တာက ဆေးမရှိဘူး။ တခြားက ဆေးရှိတယ်။ မေးရင် တယောက်မှမပြန်ဘူး။ တချို့ဆိုရင် စိတ်နာပြီး မပြန်တော့ဘူးတဲ့။ ဒီမှာပဲ အခြေချတော့မယ် ပြောတယ်။ တိုင်းပြည်အခြေအနေ ကောင်းရင်လည်း မပြန်တော့ဘူးတဲ့။ အဲလိုမျိုးလူတွေရှိတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၉ ရက် ညနေ ၄ နာရီလောက်မှာ တပ်မဟာ ၅ နယ်မြေတွင်းက စစ်ကောင်စီရဲ့ ကူးဆိပ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့ ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက် ဝိုင်းရံပိတ်ဆို့ထားပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013