
ချင်းပြည်နယ်၊ မတူပီကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ပ်ဒါပ်တိုက်နယ်အတွင်းက ကျေးရွာတွေဆီ ကား၊ ဆိုင်ကယ်တွေနဲ့ တိုက်ရိုက်သွားလာနိုင်ဖို့ ကားလမ်းဖောက်လုပ်နေတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ် CDF မတူပီ တပ်မဟာ ၁ က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခုနှစ် ဇွန် ၂၉ ရက်က ချင်းညီနောင်စစ်ဆင်ရေး (မတူပီ) အဖြစ် မတူပီမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း အစက ဆိုင်ကယ်ပဲသွားလို့ရတဲ့လမ်းကို ကားပါသွားလို့ရအောင် လမ်းပြုပြင်၊ ဖောက်လုပ်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
CDF မတူပီ တပ်မဟာ ၁ တာဝန်ရှိသူက “ပြည်ထောင်စုလမ်းမတွေကို ဦးစားပေးတာပေါ့နော်။ အောက်ပြည်ကို ဆက်သွယ်ပေးတဲ့လမ်းတွေနဲ့ မီဇိုရမ်ဘက်ကို ဆက်သွယ်တဲ့လမ်းတွေကို ဦးစားပေးတာပေါ့နော်။ ကျေးရွာတွေဘက်အထိကို ကုန်စည်တွေရောက်ဖို့ရယ် ကျန်းမာရေး ကိစ္စတွေအတွက် ကားနဲ့သွားရတာတွေရှိတော့ လမ်းကိုဦးစားပေးပြီးလုပ်နေတာပါ။ လမ်းကတော့ ပြုလုပ်နေဆဲ အကုန်လုံးတော့မပြီးသေးဘူး။ ၆၅ ရာခိုင်နှုန်းလောက်ပြီးပြီ၊ ပရောဂျက်ကတော့ သိန်းပေါင်း ၃,၀၀၀ လောက်သုံးမှာပါ” လို့ ပြောပါတယ်။
CDF မတူပီ တပ်မဟာ ၁ အနေနဲ့ မတူပီ-မင်းတပ်လမ်း၊ မတူပီ-ပလက်ဝလမ်း၊ မတူပီ-လိုင်လင်းပီ(မီဇိုရမ်လမ်း)ကို အဓိကထားပြီး ပြုပြင်တူးဖော်နေတယ်လို့ သိရပါတယ်။
မီဇိုရမ်-မတူပီ ကားလမ်းဖောက်လုပ်ပြီးစီးသွားရင် အခြေခံစားသောက်ကုန်သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနဲ့ ကျန်းမာရေးကုသမှုတွေလည်း ပိုမိုမြန်ဆန်လာမယ်လို့ မျှော်မှန်းထားကြပါတယ်။
မတူပီမြို့ကို ချင်းညီနောင်တပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်နေပြီး စာသင်ကျောင်းနဲ့ ဆေးရုံတွကိုတော့ ပြန်မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။