
ချင်းပြည်နယ်၊ ဟွာလ်ငိုရမ်းဒေသအတွင်းက လိုင်တီးရွာနဲ့ ရိခေါ်ဒါရ်မြို့ကြား လမ်းပိုင်းကို ဒီနေ့ ဇွန် ၂ ရက်ကစပြီး ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီလို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Hualngoram က ထုတ်ပြန်ပါတယ်။
အဆိုပါလမ်းပိုင်းကို မေ ၂၁ ရက်က ဒေသလုံခြုံရေးအခြေအနေကြောင့် အချိန်ကန့်သတ်ပြီး သွားလာခွင့်ပြုခဲ့ပေမဲ့ ဒီနေ့စတင်ကာ မနက် ၆ နာရီကနေ ညနေ ၇ နာရီအထိ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒေသတွင်း လုံခြုံရေးလိုအပ်ချက်အရ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို လေးစားလိုက်နာပြီး ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ လမ်းအသုံးပြုသူ မိဘပြည်သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း CDF-Hualngoram ရဲ့ စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။
လိုင်တီးနဲ့ ရိခေါ်ဒါရ် လမ်းပိုင်းကို ပုံမှန်အတိုင်း ပြန်ဖွင့်ပေးလိုက်ပေမဲ့ ဖလမ်း-ရိခေါ်ဒါရ် လမ်းမကြီးတလျှောက်နဲ့ ကလေး-ဖလမ်း လမ်းပိုင်းတွေမှာတော့ စစ်အာဏာရှင်တပ်နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးစစ်မျက်နှာဖွင့်ထားဆဲ ဖြစ်ပါတယ်။
ဖလမ်းမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်တွေဟာ ရိခေါ်ဒါရ်ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာကြောင့် လက်ရှိမှာ စစ်ရေးတင်းမာနေပါတယ်။










