
တရုတ်နိုင်ငံက ကိုဗစ်ကပ်ရောဂါအကြောင်းနဲ့ လိင်တူချစ်သူ အချစ်ဇာတ်လမ်း ရုပ်ရှင်ကားဟာ တရုတ်စကားပြောကမ္ဘာရဲ့ အော်စကာဆုလို့ တင်စားခံရတဲ့ ထိုင်ဝမ် ရွှေမြင်းဆုပေးပွဲမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ တင်းကျပ်တဲ့ စာပေအနုပညာစိစစ်ရေးကနေ ကင်းလွတ်တဲ့ ထိုင်ဝမ်ရဲ့ ရွှေမြင်းဆုပေးပွဲဟာ မတူကွဲပြားတဲ့ ရုပ်ရှင်တွေကို ဆွဲဆောင်နိုင်ပါတယ်။
တရုတ်ဒါရိုက်တာ လုရီ ရဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်လော့ခ်ဒေါင်းအကြောင်း မှတ်တမ်းဇာတ်ကား An Unfinished Film က အကောင်းဆုံးရုပ်ရှင်နဲ့ အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့ပါတယ်။
ရွှေမြင်းဆုပေးပွဲကို ၁၉၆၂ ခုနှစ်က စတင်ခဲ့ပြီး တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်က အဓိက ဝင်ရောက်ယှဉ်ပြိုင်တဲ့ တရုတ်စကားပြော ရုပ်ရှင်လောကမှာ အဆင့်အတန်းအမြင့်ဆုံး ဆုပေးပွဲတခုအဖြစ် သတ်မှတ်ခံရပါတယ်။
ဟောင်ကောင်မင်းသမီး ချောင်ဆွတ်ယင်း က အကြားအာရုံချို့တဲ့တဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ The Way We Talk ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့ပါတယ်။
တရုတ်ဒါရိုက်တာ ကန်ကျွန်း ရဲ့ ပြင်သစ်မှာရိုက်ကူးထားတဲ့ အဖြူအမည်း လိင်တူချစ်သူဇာတ်လမ်း Bel Ami က အကောင်းဆုံးအမျိုးသားဇာတ်ဆောင်၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံနဲ့ အကောင်းဆုံးတည်းဖြတ်မှုဆုတွေ ရရှိခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျအုပ်ချုပ်တဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်နယ်မြေလို့ အခိုင်အမာပြောဆိုနေတဲ့ တရုတ်နိုင်ငံဟာ ရွှေမြင်းဆုပေးပွဲမှာ တရုတ်ရုပ်ရှင်လုပ်ငန်း တရားဝင်ပါဝင်မှုကို ၂၀၁၉ ခုနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က ဆုပေးပွဲမှာ ထိုင်ဝမ်ဒါရိုက်တာ ဖူယူးက ထိုင်ဝမ်ရဲ့ တရားဝင်လွတ်လပ်ရေးကို ထောက်ခံတဲ့ မှတ်ချက်ပေးခဲ့ပြီးနောက် အခုလို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ သို့မဟုတ် အများပြည်သူကို ပြသခွင့်ရဖို့ မျှော်လင့်ချက် မရှိတဲ့ တရုတ်ရုပ်ရှင်တွေကတော့ ဒီဆုပေးပွဲမှာ ဆက်လက် ပါဝင်နေတာဖြစ်ပါတယ်။
Source: Reuters










