စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ပျူစောထီးသင်တန်းဆင်းပွဲလုပ်နေတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာက ပျူစောထီးစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၂ ရက် မနက် ၁၀ နာရီခွဲလောက်က ပျူစောထီးသင်တန်းဆင်းပွဲပြုလုပ်နေတဲ့ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိကြသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ရေဦး PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “ထွေအုပ်ရုံးမှာ ပျူစောထီသင်တန်းဆင်းပွဲလုပ်နေတုန်း Fixed Wing Drone နဲ့ ဗုံး ၉ လုံးကြဲခဲ့တာပါ။ လုံခြုံရေးစစ်သား ၃ ယောက်နဲ့ ရဲ ၁ ယောက်သေတယ်။ ၈ ဦးကတော့ အပြင်းအထန် ဒဏ်ရာရတယ်လို့ တိတိကျကျသိရပါတယ်” လို့ ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦး PDF) နဲ့အတူ ရေဦးမြို့နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ရေဦး PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဗုံးကြဲတိုက်ခိုက်ပြီးတော့ သူတို့ဘက်က ဒရုန်းတွေ တက်လာပြီး ကင်းထောက်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပြန်ပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပြန်ပစ်တယ်ဗျ။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ပြည်သူလူထုနဲ့ ပတ်သက်တဲ့ တခြားထိခိုက်မှုရှိ၊ မရှိကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ရေဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကို DVB က ဖုန်းနဲ့ ဆက်သွယ်ရာမှာ “ဟုတ်ပါတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရပါဘူး” လို့ပဲ တာဝန်ကျသူက ပြန်လည်ဖြေဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းကလည်း ရေဦးမြို့မရဲစခန်းထဲကို ဒရုန်းတွေနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး ၆ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့သလို လိုင်းခန်းတချို့လည်း မီးလောင် ပျက်စီးခဲ့ပါသေးတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ ကန်နီရွာက ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်တွေက နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ကန်နီရွာဟာ မြိုင်မြို့ရဲ့မြောက်ဘက် ၆ မိုင်လောက်အကွာမှာ အိမ်ခြေ ၇၀၀ လောက်ရှိပြီး စစ်တပ်အထိုင်ချ တပ်စွဲထားသလို တရွာလုံးနီးပါက စစ်တပ်ကို ထောက်ခံအားပေးတာကြောင့် မြို့နယ်အတွင်းမှာတော့ ပျူစောထီးကျေးရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ ယာခင်းထဲ အလုပ်လုပ်နေတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ အဲဒီပျူရွာကို လေယာဉ်ပုံစံ ဒရုန်းတွေနဲ့ သွားတိုက်ခိုက်တာကို မြင်လိုက်ရတယ်။ ရွာပေါ်ကနေ ဒရုန်းယာဉ်နဲ့ ဗုံးသီးချတာတွေလည်း မြင်ရတယ်။ ပျူရွာထဲက သေဆုံးမှုကိုတော့ အသေးစိတ် ကျနော်တို့ မသိရဘူးဗျ။ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ နှစ်ဖက်ထိတွေ့မှု တိုက်ပွဲဖြစ်တဲ့ အသံတော့မကြားရဘူး” လို့ ပြောပါတယ်။
ဗစ်တာပြောက်ကျားတပ်ဖွဲ့ တည်ထောင်ခြင်း ၃ လပြည့် အမှတ်တရအဖြစ် မဟာမိတ်အဖွဲ့တွေ ပူးပါင်းပြီး အခုလို တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဗစ်တာက “ကျနော်တို့ ပျူရွာကို ဒရုန်းယာဉ်နဲ့ ဗုံးသီးအလုံး ၂၀ ကျော်အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဗျ။ ရွာအတွင်းက ပျူစောထီး အသေအပျောက်စာရင်းကိုတော့ စုံစမ်းနေဆဲဗျ။ အတိအကျမရသေးပါဘူး။ ရွာအတွင်းက ပျူစောထီးတွေကိုလည်း ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အမြန်ဆုံး လက်နက်ချ ပူးပေါင်းပါလို့ မီဒီယာကနေ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ အညာမြေ ပြောက်ကျားတပ်ဖွဲ့၊ နယ်စည်းမခြား ဖရီးဒမ်းအဖွဲ့၊ ဖယ်ဒရယ်စစ်ကြောင်း ၁၊ ပခုက္ကူခရိုင်တပ်ရင်း ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။