
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ မြို့မဈေးထိပ်မှာ စစ်တပ်လှည့်ကင်းက အရပ်ဝတ် ဝတ်ထားတဲ့ ခရိုင်ဒုရဲမှူး မင်းလွင်ကို ပစ်သတ်လိုက်တယ်လို့ ရေဦးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဧပြီ ၇ ရက် မနက်ပိုင်းမှာ အရပ်ဝတ်နဲ့ ဈေးသွားတဲ့ ခရိုင်ဒုရဲမှူး မင်းလွင်ကို စစ်တပ်လှည့်ကင်းက ပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်ခံရတဲ့ ခရိုင်ဒုရဲမှူး မင်းလွင်ဟာ ရေဦးမြို့မဆေးရုံမှာ ဆေးကုသမှု ခံယူနေစဥ်အတွင်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးအနောက်ခြမ်းဇုန် သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က “ဘာကြောင့် ပစ်တာလဲ၊ လူမှားပြီး ပစ်တာလား၊ သူတို့အချင်းချင်းပဲ ရန်ငြိုးရှိထားလို့ ရည်ရွယ်ချက်ရှိရှိ ပစ်သွားတာလား ဆိုတာတော့ အစ်ကိုတို့ မသိရသေးဘူး။ ရဲ(--)တွေနဲ့ စစ်(--)တွေကြားမှာလည်း မင်းလွင်ကိစ္စနဲ့ ပတ်သက်လို့ ဂယက်ရိုက်ပြီး မြို့ပေါ်မှာ မပြေလည်မှု တင်းမာမှုတွေ ရှိနေတယ်လို့ စုံစမ်းသိရတယ်” လို့ DVB ကို ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသွားတဲ့ ခရိုင်ဒုရဲမှူး မင်းလွင်ရဲ့ ရုပ်အလောင်းကို ရေခဲတိုက်ထဲမှာပဲ ထားရှိပြီး မိသားစုဝင်တွေကို ပြန်ထုတ်မပေးဘဲ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။











