
မင်းတပ်မြို့မှာ တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး တိုက်ပွဲ အတွင်းပိတ်မိနေတဲ့ ပြည်သတွေကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီတပ်အထိုင်ချထားတဲ့နေရာ အများစုကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဆက်လက်သိမ်းပိုက်နေတယ်လို့ ချင်းညီနောင်ပြောခွင့်ရသူ ဆလိုင်းယောမာန်က ပြောပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးအနေနဲ့ မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၉ ရက်နေ့ကစတင်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်နေတာ ၁၀ ရက်ကျော်ကြာပြီဖြစ်ပြီး အောင်မြင်မှုတွေ ရရှိနေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲတွေတော့ ပြင်းထန်နေတုန်းပဲ။ ထိတွေ့မှုတွေနေ့စဉ်ရှိနေတယ်။ စောနကပြောသလိုပဲ အောင်ပွဲတွေ တော်တော်များများရထားတော့ ရှိပါတယ်။”
ဒီလို မင်းတပ်မြို့သိမ်းတိုက်ပွဲ အခြေအနေတွေနဲ့ အောင်ပွဲရသတင်းတွေကို ချင်းညီနောင်အနေနဲ့ တရားဝင် သတင်းထုတ်ပြန်သွားမှာဖြစ်ပြီး အခြေအနေအသေးစိတ်ကို အသိပေးသွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမာန်က “စစ်တပ်က အင်အားဖြည့်နေတာတော့မရှိဘူး၊ တိုက်ပွဲကတော့ တဖြည်းဖြည်းချင်းရှေ့ကိုတိုးနေတယ်။ မြို့ပေါ်မှာ နယ်မြေစိုးမိုးမှု ပိုရလာတယ်၊ အောင်ပွဲတွေ ရသည်ထက် ရလာတယ်၊ တိုက်ပွဲမှာပိတ်မိတဲ့ ပြည်သူအများအပြား ကယ်ထုတ်နိုင်တယ်။ စိတ်ကျန်းမာရေးမကောင်းသူတွေကော၊ ကလေးတွေကော အဘိုးကြီးတွေကော၊ အမျိုးသမီးတွေရော အများကြီးကယ်ထုတ်နိုင်တယ်။ စစ်ကောင်စီကတော့ ရိက္ခာဖြည့်တယ်၊ လေကြောင်းဗုံးကြဲတယ်၊ အပြင်ထွက်ပြီး အိမ်တွေမီးရှို့နိုင်တဲ့အခြေအနေတော့ မရှိဘူး” လို့ ပြောပါတယ်။
မင်းတပ်မြို့ခံအများစုဟာ တိုက်ပွဲမဖြစ်ပွားခင် ပြီးခဲတဲ့ မေလလောက်ကတည်းက မြို့ကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး လူနည်းစုသာ မြို့မှာ ကျန်ရစ်ခဲ့တာပါ။
မြို့သိမ်းတိုက်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ မင်းတပ်မြို့ထဲက ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၂၀၀ နီးပါးကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
မင်းတပ်စစ်ဘေးရှောင်တာဝန်ခံက “ဒီရက်ပိုင်းမှာ ထွက်လာတဲ့ စစ်ဘေးရှောင်က ၁၀၀၀ ဝန်းကျင်ရှိပါတယ်။ ဒီမြို့သိမ်းတိုက်ပွဲကာလမှာ ၂၀၂၄ မေလနောက်ပိုင်းမှာ ထွက်လာတာကတော့ ၆၀၀၀ ခန့်ရှိပါတယ်၊ ၂၀၂၁ ကတည်းက မင်းတပ်ကို မပြန်နိုင်ဘဲ ရွာတွေမှာ ရှောင်နေကြတဲ့သူတွေက တသောင်းဝန်းကျင်ပါ။ စုစုပေါင်း တသောင်းခွဲနဲ့ တသောင်းဝန်းကျင်ရှိပါတယ်။ စစ်ရှောင်တွေကတော့ မင်းတပ်နယ်ထဲ ဝင်လာတာရှိတယ်၊ ယောနယ်က စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးသွားတဲ့သူတွေလည်းရှိပါတယ်။ နီးစပ်ရာဆွေမျိုးတွေဆီ တိမ်းရှောင်သွားကြတာလည်း များပါတယ်။ ကျနော်တို့မှာ နေရာသတ်သတ်မှတ်မှတ် ထားရှိပြီး စစ်ဘေးရှောင်စခန်းဖွင့်လှစ်ထားတာမရှိပါဘူး။ စကစရဲ့ လေကြောင်းရန်ကို ကြောက်တာကြောင့် စုပြီးမနေရဲဘဲ စစ်ဘေးရှောင်တွေက နေရာအနှံ့မှာ ပြန့်ကျဲနေပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်ပွားခင် စက်တင်ဘာလကတည်းက မြို့ထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲအတွင်းမှာလည်း မီးရှို့ခဲ့တဲ့အတွက် မင်းတပ်မြို့ပေါ်က လူနေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မင်းတပ် ခလရ ၂၇၄၊ အိမ်တွင်းမှုကျောင်း၊ စံမင်းသီရိ၊ ဆောက်လုပ်ရေးဝန်း၊ မိခင်နဲ့ကလေးရုံး၊ ထွေအုပ်ရုံး၊ စက်မှုလက်မှုကျောင်း၊ ရဲစခန်း၊ MPT တာဝါတိုင်ရုံး စတဲ့ နေရာအများစုကိုတော့ ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။
ချင်းညီနောင်ပြောခွင့်ရသူ ဆလိုင်းယောမာန်က “မြို့ထဲမှာ စကစ နေရာအတော်လေး ကျဉ်းသွားပြီဆိုတော့လေ မြို့ထဲမှာ ပိတ်မိတဲ့ ပြည်သူတော့ မရှိသလောက်နည်းသွားပြီ။ မြို့နဲ့အနီးစပ်တွေ၊ မြို့အစွန်တွေ၊ တောင်ယာတဲတွေမှာ နေတဲ့ ပြည်သူတွေတော့ ရှိသေးတယ်။ မြို့ပေါ်ကသူတွေကလည်း အရင်ကတည်းကရှောင်ကြပါတယ်။ အခုမြို့ထဲ ထိတွေ့မှုတွေဖြစ်တော့လည်း သွားဖို့လာဖို့ ခက်ခဲတဲ့သူတွေ၊ မိသားစုများတဲ့သူတွေ၊ နာမကျန်းဖြစ်တဲ့သူ မရွှေ့ပြောင်းနိုင်တဲ့သူတွေကို ကျနော်တို့ ကူညီကယ်ထုတ်ထားတာ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မင်းတပ်မြို့မှာ ၂၀၂၁ ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ မြို့ကိုစွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူ ၁၅၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။
သီရိ










