
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် တက္ကနက်ဖ်ကမ်းလွန် ဇူလိုင် ၃၁ ရက်က စက်လှေ တစင်းတိမ်းမှောက် နှစ်မြုပ်ပြီး ရိုဟင်ဂျာ ၁၈ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ ၁၃ ယောက် ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေက ရေးကြပါတယ်။
ရှားပေါ်ရ်ကျွန်းအနီးမှာ လူ ၃၁ ယောက် လိုက်ပါလာတဲ့ စက်လှေမှောက်ခဲ့တာလို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး The Daily Star သတင်းစာမှာဖော်ပြပါတယ်။
ရေလုပ်သားတယောက်က “ကျနော်တို့ အမျိုးသား ၁၈ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ စက်လှေမောင်းသူ အပါအဝင် အခြား ၁၃ ယောက်ကတော့ ပျောက်နေဆဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရရှိသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ခြင်း မရှိပါဘူး” လို့ ပြောပါတယ်။
လှေမှောက်ရာမှ လွတ်မြောက်လာသူတွေကိုတော့ ဒေသခံ ရေလုပ်သားတွေက ကယ်ဆယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ် (BGB) ထံ အပ်နှံခဲ့ကာ၊ အဲဒီကနေတဆင့် တက္ကနက်ဖ် မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပါတယ်။
ကယ်ဆယ်ရရှိတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မှာ မြန်မာစစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှ ထွက်ပြေးလာသူတွေလို့ ယူဆရတဲ့အကြောင်း ဆာဘရမ်ကျေးရွာအုပ်စု ယာယီဥက္ကဋ္ဌ အဗဒူလ်မာနန်က ပြောပါတယ်။
တက္ကနဖ်မြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) တပ်ရင်း-၂ ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဟာနီဖူရ် ရာမန်ဘူယန်ကလည်း ရိုဟင်ဂျာ အမျိုးသား ၁၈ ယောက် ကယ်ဆယ်ရရှိထားတာကို အတည်ပြုပြောပါတယ်။
“သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဘယ်လိုအခြေအနေမျိုးနဲ့ ဝင်ရောက်လာလဲဆိုတာကို ကျနော်တို့ စိစစ်နေပါတယ်။ စိစစ်မှုလုပ်ငန်းစဉ် ပြီးစီးသွားရင် အသေးစိတ်အချက်အလက်တွေကို ထပ်မံထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။”
ကယ်ဆယ်ရရှိထားတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကနေ မြန်မာနိုင်ငံဘက်ကို သွားရောက်ကာ အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး မကြာခင်က တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြတာလို့ ဒေသခံသတင်းရင်းမြစ်တချို့က စွပ်စွဲပြောပါတယ်။
ဒါပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကတော့ အဆိုပါ ပြောဆိုချက်တွေကို အတည်ပြုထားခြင်း မရှိသေးပါဘူး။
အခုစက်လှေ နစ်မြုပ်မှုမှာ ပါဝင်ကြသူတွေဟာ လက်နက်ကိုင်တွေဟုတ်/မဟုတ် အတည်မပြုနိုင်သေးဘဲ စစ်ဆေးနေတုန်းပဲလို့ တက္ကနဖ်မြို့နယ် ရဲစခန်းမှူး မိုဟာမက် ဆာဖူရ် အစ္စလာမ်က မီဒီယာတွေကို ပြောပါတယ်။
“သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေကနေ မြန်မာနိုင်ငံဘက်ကို ကူးသွားခဲ့တာ ဟုတ်၊ မဟုတ်ကို အခုထိ အတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။”
ရိုဟင်ဂျာ လက်နက်ကိုင်တွေဖြစ်တဲ့ ARSA၊ RSO၊ ARA တို့ဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အခြေကုတ်နေထိုင်ပြီး အဲဒီကနေတဆင့် နယ်စပ်ဒေသရှိ အာရက္ခတပ်တော်ရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကို အငိုက်ဖမ်း ဝင်ရောက်တိုက်ခိုက်တာတွေ ရှိတယ်လို့ အာရက္ခတပ်တော်က ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းက ပြောထားပါတယ်။
Ref: The Daily Star










