DVB Logo
Home
မြန်မာသတင်း
မဟာချိုင်တွင် အလုပ်ပွဲစားအလိမ်ခံရသော မြန်မာလုပ်သား ၁၀၀ ကျော် အစာငတ်ခံဆန္ဒပြ
DVB
·
November 21, 2024
မဟာချိုင်တွင် အလုပ်ပွဲစားအလိမ်ခံရသော မြန်မာလုပ်သား ၁၀၀ ကျော် အစာငတ်ခံဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်းခရိုင် မဟာချိုင်မြို့မှာ အလုပ်လက်မဲ့ မြန်မာလုပ်သားပေါင်း  ၃၀၀ ကျော် အလုပ်ရှာပေးတဲ့ ပွဲစားရဲ့အလိမ်ခံရလို့ နာရီပေါင်းများစွာ အစာငတ်ခံဆန္ဒပြခဲ့ကြပါ တယ်။

Index Furniture Center အမည်ရှိ အလုပ်ရုံမှာ အလုပ်သမားရာနဲ့ချီ လိုအပ်နေပြီး အဲဒီမှာ အလုပ်ဝင်ချင်ရင် ဝင်ကြေးပေးရမယ်လို့ ပွဲစားတွေက ပြောတာကြောင့် အလုပ်သမားတွေက ယုံကြည်ပြီး ဘတ် ၃,၅၀၀ ကနေ ၇,၀၀၀ ထိ ပေးခဲ့ကြတယ်။ 

နိုဝင်ဘာ ၂၀ ရက် အလုပ်ဝင်ရမယ့်နေ့ရောက်တော့ အလုပ်ရုံထဲအဝင်မခံတာနဲ့ အဲဒီဝင်းထဲမှာပဲ ထိုင်ပြီးဆန္ဒပြခဲ့ကြတာလို့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ လက်တွဲကူညီ AAC အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက DVB ကို ပြောပါတယ်။ 

“မနေ့မနက်က သူတို့အလုပ်ဝင်ရမယ့်နေ့ရောက်တော့ အထဲကိုအဝင်မခံဘူး။ အလုပ်သမားတွေက ကျနော်တို့ဆီတိုင်ကြားလာတော့ ကျနော်တို့ကလည်း မပြန်ကြနဲ့ အဲဒီမှာပဲနေဆိုပြီး မနက်ကတည်းက အစာမစားပဲ ထိုင်နေကြတယ်။ နောက်တော့ အလုပ်ရှင်ဘက်က ကိုယ်စား လှယ်ရောက်လာပြီး လူသစ်မလိုဘူး၊ ပိုက်ဆံလည်းမကောက်ဘူး၊ ခင်ဗျားတို့အလိမ်ခံရတာ၊ လိမ်တဲ့လူတွေနဲ့ အလုပ်ရုံဘာမှမပတ်သက်ဘူး၊ အဲဒါကြောင့် ပြန်ကြပါ။ အခု စက်ရုံထဲမှာ ဆန္ဒ လာပြတာ ကျူးကျော်မှုနဲ့ ပြန်ပြီးအရေးယူလို့ ရတယ်လို့ ခြိမ်းခြောက်တယ်။” 

ဒီမတိုင်ခင်က စက်ရုံရှေ့မှာ အလုပ်သမားအလိုရှိတယ်ဆိုတဲ့ ဆိုင်းဘုတ်လည်း ထောင်ထားတယ်၊ အလုပ်ရုံရှေ့မှာပဲ စားပွဲထိုးပြီးအလုပ်ဝင်ကြေးကောက်ခံတယ်၊ ပွဲစားဆိုတာကလည်း အဲဒီ အလုပ်ရုံက တံခါးမှူးနဲ့ အလုပ်ထဲ အမြဲဝင်ထွက်သွားလာနေတဲ့ ထိုင်းအမျိုးသမီး ၂ ယောက်ဖြစ်တယ်၊ အဲဒါကို အလုပ်ရှင်ဘက်က သူတို့နဲ့ မဆိုင်ဘူးလို့ပြောတာတော့ မဟုတ် သေးဘူး၊ အဲဒါနဲ့ အလုပ်သမားဘက်က အဲဒီလူ ၃ ယောက် ခေါ်လာပေးဖို့၊ သူတို့ဆီက ယူထားတဲ့ငွေတွေ ပြန်တောင်းပေးဖို့ တောင်းဆိုတယ်။ တညလုံး မပြန်ဘူး၊ ရဲတွေလည်း တသုတ်ပြီးတသုတ် ရောက်လာတယ်၊ နောက်ဆုံး အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးက တာဝန်ရှိသူတွေပါရောက်လာတယ်၊ ရဲစခန်းမှာ အမှုသွားဖွင့်ဖို့ အကြံပြုတယ်၊ ဒီကနေ့ နိုဝင်ဘာ ၂၁) မနက် ၃ နာရီလောက်မှာ အဲဒီနေရာကနေ ထွက်လာကြတယ်လို့  ဆိုပါတယ်။ 

ဒီကနေ့ (နိုဝင်ဘာ ၂၁) မနက်မှာတော့ ခုတ်ခမ်နယ်မြေရဲစခန်းမှာ သွားပြီးတိုင်ကြားလိုက်တယ်၊ ရဲစခန်းကလည်း အမှုဖွင့်ပေးတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ သူတို့အဖွဲ့အစည်းရဲ့ အတွေ့အကြုံအရ ဒီအမှုမျိုးမှာ ကြန့်ကြာတတ်ပြီး လျော်ကြေးငွေပြန်ရဖို့ မလွယ်ကူကြောင်း၊ တရားခံတွေလည်း ထောင်ချခံရတာတွေ သိပ်မ တွေ့ရဘူး၊ ရှေ့နေငှါးရင်လည်း ရှေ့နေငှါးခလည်းပေးရမယ်၊ နစ်နာတဲ့ အလုပ်သမားတွေ ခဏခဏတရားရုံးသွားရမယ်၊ အလုပ်သမားတွေအနေနဲ့ အဲလိုလည်း မတတ်နိုင်ကြဘူး၊ နောက်နောင် ဒီလိုအလိမ်မခံရအောင် အလုပ်သမားတွေဘက်ကလည်း အယုံမလွယ်ဖို့၊ ငွေကို အလွယ်တကူထုတ်မပေးဘဲ သေချာစုံစမ်းဖို့ အကြံပြုလိုတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013