မဟာချိုင်တွင် ရွှေ့ပြောင်းကလေး ၈၀ ကျော် စာသင်နေသည့်ကျောင်း အရေးယူခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ စမွတ်စခွန်းမြို့က ရွှေ့ပြောင်းလုပ်သား သားသမီးတွေ ပညာသင်နေတဲ့ ကျောင်းတကျောင်းဟာ ဥပဒေနဲ့ မညီညွတ်တဲ့အတွက် စစ်ဆေးအရေးယူ ခံရတယ် လို့ မဟာချိုင်ဒေသတွင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
စမွတ်စခွန်းမြို့၊ နားဒီရပ်ကွက်၊ နယ်မြေ ၄ ထဲက အိမ်ရာထဲမှာ ကျောင်းဖွင့်ပြီး ရွှေ့ပြောင်းလုပ်သား ကလေးတွေကို စာသင်ပေးနေကြောင်း တိုင်ကြားချက်ရတာကြောင့် မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးရုံး၊ အလုပ်သမားရုံးနဲ့ ပညာရေးမှူးရုံးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၁၇ ရက်က အဲဒီနေရာကို သွားရောက်စစ်ဆေး အရေးယူခဲ့တာပါ။
တာဝန်ရှိသူတွေ ရောက်သွားချိန် ရွှေ့ပြောင်းလုပ်သား ကလေး ၈၀ ကျော်နဲ့ ဆရာ၊ ဆရာမတွေ စာသင်ကြားနေတာကို တွေ့ရှိတယ်၊ အဆိုပါနေရာဟာ စည်ပင်သာယာရေးဌာနက လူနေအိမ် အဖြစ်သာ အသုံးပြုဖို့ ခွင့်ပြုထားတာ ဖြစ်ပေမဲ့ အတွင်းခန်းထဲမှာ စာသင်ခန်းအဖြစ် ပြုပြင် ပြောင်းလဲထားတယ်၊ ကျောင်းဖွင့်လှစ်တည်ထောင်ခွင့် လိုင်စင်အထောက်အထားမရှိဘဲ ဆရာ ဆရာမတွေပါ ခန့်ထားတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
တာဝန်ရှိသူတွေဟာ လုပ်ငန်းလည်ပတ်မှု၊ အဆောက်အအုံ အသုံးပြုမှုနဲ့ သင်ကြားရေး စီမံခန့်ခွဲမှု တွေကိုပါ စစ်ဆေးပြီး လုပ်ငန်းလုပ်ကိုင်သူတွေကို ဥပဒေနဲ့အညီ စာသင်ကျောင်းဖွင့်ခြင်း ဆိုင်ရာ အချက်အလက်တွေ ပြောပါတယ်။
အဲဒီနောက် အဆိုပါစာသင်ကျောင်းကို ယာယီပိတ်ထားဖို့နဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ တယ်လို့ ဆိုပါတယ်။ စမွတ်စခွန်းမြို့နယ်ထဲက ရွှေ့ပြောင်းလုပ်သား ၉၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသား တွေ ဖြစ်ကြပါတယ်။
Source: မဟာချိုင် ကေဘယ်တီဗွီ / စမွတ်စခွန်းသတင်း











