DVB Logo
Home
မြန်မာသတင်း
မဟာချိုင်ရှိ Canbo စက်ရုံ၌ မြန်မာအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံနေရ
ဇွဲသစ်
·
May 27, 2026
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည့် အလုပ်သမားများ။ Photo:  WAG အလုပ်သမား မဟာမိတ်အဖွဲ့
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည့် အလုပ်သမားများ။ Photo: WAG အလုပ်သမား မဟာမိတ်အဖွဲ့
Donate to DVB

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်က Canbo အီလက်ထရောနစ်စက်ရုံမှာ အလုပ်သမားတွေကို အကြောင်းမဲ့ အလုပ်ရပ်နားတာတွေ မကြာခဏ လုပ်နေပြီး အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်။

မဟာချိုင်မြို့နယ်၊ ဘန်ကကျောက် စက်မှုဇုန်ထဲက Canbo အီလက်ထရောနစ်စက်ရုံမှာ မြန်မာအလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းမခန့်ဘဲ အစမ်းခန့် ဝန်ထမ်းအဖြစ်သာ ထားရှိပြီး ကြိုတင်အကြောင်းမကြားဘဲ မကြာခဏ အလုပ်ရပ်နားခိုင်းနေတယ်လို့ အလုပ်သမားတွေက DVB ကို ပြောပါတယ်။

အဲဒီစက်ရုံမှာ အလုပ်ရဖို့ မြန်မာအလုပ်သမားတွေဟာ ပွဲစားတွေကို အလုပ်သွင်းခအဖြစ် ဘတ် ၈,၅၀၀ ကနေ ၁၅,၀၀၀ အထိ ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စာရွက်စာတမ်းနဲ့ ပတ်သက်တဲ့ အကြောင်းပြချက်တွေနဲ့ ငွေကြေး ထပ်မံကောက်ခံတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေကို ၄ လတကြိမ် အစမ်းခန့်စာချုပ် ချုပ်ဆိုပြီး အမြဲတမ်းဝန်ထမ်းအဖြစ် မခန့်ထားဘဲ ၆ လနဲ့ တနှစ်နီးပါး အလုပ်လုပ်ထားသူတွေကိုပါ စာချုပ်ထပ်မချုပ်ဘဲ အလုပ်ထုတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတယောက်က “စမတ်ကြေးက အမျိုးစုံပေါ့။ ၈,၅၀၀ ကနေ ၁၀,၀၀၀ ကျော်ထိ ရှိတယ်။ ပြီးတော့ သူဌေးပြောင်းခတွေ ၃,၅၀၀- ၄,၅၀၀- ၆,၅၀၀ ထပ်ယူတယ်။ စာရွက်စာတမ်းနဲ့ ပတ်သက်တာတွေပေါ့။ ပိုက်ဆံပေးပြီးရင်လည်း မပေးဘူး။ အမျိုးမျိုး အချိန်ကြန့်ကြာအောင် လုပ်တယ်။ ပြီးရင် စာရွက်စာတမ်းလိုချင်ရင် အမျိုးမျိုး ပိုက်ဆံ တောင်းထားတယ်။ အကူညီတောင်းထားတာတော့ မြို့နယ် စဝါဒီကန်ရုံးမှာ အမှုဖွင့်တာတို့၊ အလုပ်သမားရုံးတွေမှာ အမှုဖွင့်ထားတာတို့ လုပ်ထားတယ်။ အမြဲတမ်းဝန်ထမ်း မဟုတ်ဘဲ ဒီလူတွေကို အစမ်းခန့်ကာလမို့လို့ ဖြုတ်တယ်ဆိုပြီး အဲဒီလိုပုံစံမျိုး လုပ်ထားတာပေါ့။ စာချုပ်တွေကိုလည်း အစမ်းခန့်ပဲ လုပ်ထားတာ။ တိုင်လည်း ဥပဒေနဲ့မညီတဲ့ ပုံစံမျိုး လုပ်ထားတာ။ ဥပဒေကို လက်တလုံးခြား လုပ်ထားတာပေါ့။ အမြဲထမ်းဝန်ထမ်း မခန့်ဘဲနဲ့” လို့ ပြောပါတယ်။

အခုလို အလုပ်ဝန်ဆောင်ခတွေ ကောက်ခံပြီး အလုပ်သမားတွေကို အကြောင်းမဲ့ အလုပ်ထုတ်ကာ လူသစ်တွေကို ထပ်ခေါ်ယူနေတဲ့အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မေ ၂၂ ရက်ကလည်း အဲဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ CI နဲ့ PJ ပတ်စ်ပို့ ကိုင်ဆောင်ထားသူ အလုပ်သမား ၅၀ ဝန်းကျင်ဟာ အကြောင်းမဲ့ အလုပ်ရပ်နားခံခဲ့ရပြီး မြန်မာအလုပ်သမားအရေး ကူညီပေးတဲ့အဖွဲ့တွေထံ တိုင်ကြားမှုတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာ အလုပ်သမားအရေး လှုပ်ရှားသူတွေက အဲဒီစက်ရုံကို စိစစ်အရေးယူပေးဖို့ ထိုင်းအလုပ်သမားရုံးတွေဆီ တိုင်ကြားထားတယ်လို့ သိရပါတယ်။

WAG- အလုပ်သမား မဟာမိတ်အဖွဲ့မှ ကိုမုန်တိုင်းက “အဓိက အလုပ်သမားတွေကို သူတို့က ကြိုတင်အကြောင်းမကြားဘဲ ရုတ်တရက် ပေးနားပစ်လိုက်တာ။ ပြီးရင် အလုပ်သမားတွေကို မဟာချိုင် ပေါက်ဈေးအတိုင်း လုပ်ခလစာ မပေးဘဲ ဒီနေ့ နားဆို နားခိုင်းတယ်။ နောက်ပြီးတော့ စာရွက်စာတမ်းတွေကိုလည်း အေဂျင်စီတဦးကပဲ ကိုင်ထားပြီး အလုပ်သမားတွေကို မပေးတာပေါ့။ စာရွက်စာတမ်းတွေ သိမ်းဆည်းထားတယ်။ အဲဒါကို ကျနော်တို့ မြို့နယ်ရုံးမှာ တိုင်တန်းထားပါတယ်။ ဒီမဟာချိုင်တခွင်မှာဆိုရင် ဒီစက်ရုံက ဒီလိုမျိုးတွေ ဖြစ်နေတာ။ ဖြစ်နေတဲ့အတွက် မြို့နယ် လူကြီးတွေ ကိုယ်တိုင်က ဒီအလုပ်ရုံကို သေချာစိစစ်ပြီး အရေးယူစေချင်တယ်။ ကျနော်တို့လည်း တိုက်တွန်းတယ်။ ထိုင်းနိုင်ငံမှာ သူတို့ကိုယ်တိုင် ဥပဒေကို ထုတ်တယ်။ ဒါကို သူတို့ကိုယ်တိုင်လည်း ကျင့်သုံးဖို့ လိုအပ်တာပေါ့။ ဒါတွေ အားနည်းတယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ်အတွင်း စက်ရုံနဲ့ အလုပ်ရုံတချို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်တာတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ချွန်ဘူရီခရိုင်ရှိ အီလက်ထရောနစ်နဲ့ ကြက်သားစက်ရုံတွေမှာ အလုပ်သမား ရာနဲ့ချီ အလုပ်ထုတ်ခံခဲ့ရပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လက်ရှိမှာ အလုပ်အကိုင် မတည်ငြိမ်တာ၊ စာရွက်စာတမ်း သိမ်းဆည်းခံရတာတွေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ပိုမို ကြုံတွေ့နေရပြီး အလုပ်သမားတွေအနေနဲ့ ဥပဒေနဲ့အညီ အကာကွယ်ပေးမှုတွေ ပိုလိုအပ်နေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013