
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီးဇော်မင်းထိုက်နဲ့ ဗိုလ်မှူး ကိုကိုဦးတို့ ၂ ယောက် ဆီမှောင်ခိုကိစ္စနဲ့ စကားများ ရန်ဖြစ်ပြီး စုံခုံစစ်ခံနေရတယ်လို့ ရလခနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နဲ့ ကျေးသီးမြို့နယ်မှာ တာဝန်ကျနေတဲ့ ဒုဗိုလ်မှူးကြီးဇော်မင်းထိုက်နဲ့ ဗိုလ်မှူးကိုကိုဦးတို့ ၂ ယောက်ဟာ နိုဝင်ဘာ ၁၇ ရက် မနက်က ဆီမှောင်ခိုကားတွေ ငွေတောင်းတဲ့ကိစ္စနဲ့ ရန်ဖြစ်ခဲ့တာလို့ ရလခနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဒုဗိုလ်မှူးကြီး ဇော်မင်းထိုက်ဆီမှာ လိုင်းဝင်ထားတဲ့ ဆီမှောင်ခိုသမားတွေကို ဗိုလ်မှူးကိုကိုဦးက ဖမ်းလို့ မိုင်းရှူးမှာရှိတဲ့ ဆီမှောင်ခိုသမားတွေကို ဗိုလ်မှူးကြီးဇော်မင်းထိုက်က ဝင်ဖမ်းတာ၊ ထိုးကြကြိတ်ကြတဲ့အဆင့်ထိဖြစ်ပြီး စုံခုံအစစ်ခံနေရတာ။”
မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နဲ့ ကျေးသီးမြို့မှာ တာဝန်ကျတဲ့ ဗျူဟာမှူးအဖွဲ့တွေဟာ ဆီဘောက်ဆာကားတွေနဲ့ ဆီမှောင်ခိုကားတွေကို သိန်း ၃၀ မှ သိန်း ၅၀ အထိ တောင်းယူနေတာ အချိန်ကာလ ကြာမြင့်နေပြီလို့ လုပ်ငန်းရှင်တယောက်က DVB ကို ပြောပါတယ်။
“ဖြစ်မယ်ဆိုတာ သိသားပဲ၊ တော်ရုံအဆင့်နဲ့ သွားမစစ်နဲ့၊ အကုန်လုံးက ဗျူဟာမှူးလက်မှတ်တွေ၊ ထောက်ခံစာတွေနဲ့ချည်းပဲ။ စားခွက်လုရင်း ရန်ဖြစ်လို့ အစစ်ခံနေရတာ။”
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေနဲ့ ဒုဗိုလ်မှူးကြီးဇော်မင်းထိုက်ကို အမှတ် ၁ လှုပ်ရှားစစ်ဗျူဟာအဖွဲ့မှာ ယာယီဗျူဟာမှူးအဖြစ် ခန့်ထားပြီး ကျေးသီးမြို့နယ်မှာ တာဝန်ပေးထားကာ မိုင်းရှူးမြို့နယ် အမှတ် ၁ လှုပ်ရှားစစ်ဗျူဟာအဖွဲ့မှာ ဗိုလ်မှူးကိုကိုဦး ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။