DVB Logo
Home
မြန်မာသတင်း
ဟိုင်းကြီးကျွန်းအနီး ရိုဟင်ဂျာလှေမှောက်၊ ၁၇၄ ဦးသေဆုံး
DVB
·
November 19, 2024
ဟိုင်းကြီးကျွန်းအနီး ရိုဟင်ဂျာလှေမှောက်၊ ၁၇၄ ဦးသေဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က လှေတိမ်းမှောက်မှုကြောင့် ရိုဟင်ဂျာ ၁၇၄ ယောက် အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် အလွန်အမင်း တုန်လှုပ်မိကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ထုတ်ပြန်ပါတယ်။

ဒီအဖြစ်အပျက်မှာ အပျက်အစီးတွေကြား ရက်အတန်ကြာ တွယ်ကပ်ကျန်နေခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူ ၆ ယောက်သာ ရှိခဲ့ပြီး သူတို့ကို နောက်ဆုံးမှာ နိုင်ငံခြားသင်္ဘောတစီးက ကယ်ဆယ်ခဲ့ပြီး မြန်မာရေတပ်ဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေ အရှိန်မြင့်လာနေတာကြောင့် ဒုက္ခသည်တွေဟာ နိုဝင်ဘာ ၁ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်းကို ထွက်ပြေးလာခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က “ဒီဒေသကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လှေတိုင်းဟာ နှိပ်စက်ညှဉ်းပန်းခံရသူတွေကို ကာကွယ်ဖို့ ကမ္ကာ့ကြီးရဲ့ စုပေါင်းပျက်ကွက်မှုတွေကို အမှတ်ရစေပါတယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာကလေးတွေနဲ့ မိသားစုတွေဟာ မြန်မာနိုင်ငံမှာ အန္တရာယ်ကင်းတဲ့ ရွေးချယ်စရာတွေ မရှိတာကြောင့် လှေတွေပေါ်မှာ အသက်အန္တရာယ် ကျရောက်နေကြရသလို အဆိုပါ ရိုဟင်ဂျာ ၁၇၄ ဦး ရေနစ်သေဆုံးမှုဟာ ပင်လယ်ပြင်ထဲက ကြေကွဲစရာတခုလောက်သာ မဟုတ်ကြောင်းနဲ့ ဒါက နိုင်ငံတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေရဲ့ တိုက်ရိုက်အကျိုးဆက်ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကလည်း အကြမ်းဖက်မှုတွေက လွတ်မြောက်ဖို့ နတ်မြစ်ကို ဖြတ်ကူးဖို့ ကြိုးပမ်းမှုကြောင့် ရိုဟင်ဂျာ အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အာရက္ခတပ်တော် (AA) က တာဝန်ရှိတယ်လို့လည်း ရိုဟင်ဂျာ အဖွဲ့က စွပ်စွဲထားပြီး  အာရက္ခတပ်တော် (AA)ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ငြင်းဆိုထားပါတယ်။ 

AA က ဘူးသီးတောင်နဲ့ မောင်တောက ထိန်းသိမ်းရေးစခန်းတွေမှာ ရိုဟင်ဂျာ ၈,၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး ဖိနှိပ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း BROUK ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က “ရက္ခိုင့်တပ်မတော်အနေနဲ့ ရိုဟင်ဂျာအရပ်သားတွေကို ဖိနှိပ်တာတွေကို မရပ်တန့်ဘူးဆိုရင် နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ပြောင်ပြောင် တင်းတင်း လစ်လျူရှုခံနေရတဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာတရားရုံးက ချမှတ်ထားတဲ့ ယာယီအစီအမံတွေကို အကောင်အထည်ဖော်ခြင်း မပြုတဲ့အပေါ် အရေးယူဖို့ လိုပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေကလည်း ရိုဟင်ဂျာတွေကို တပ်သားစုဆောင်း စစ်သင်တန်းပေးပြီး  အာရက္ခတပ်တော်နဲ့ တိုက်ခိုက်ရာမှာ အသုံးပြုနေတာလည်းရှိပါတယ်။ 

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှုတွေကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံနဲ့ ကုလသမဂ္ဂ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းကို BROUK အနေနဲ့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013