DVB Logo
Home
Lead Story
အရှုံးကို လက်ခံရဲခြင်း ဒီမိုကရေစီ
DVB
·
November 19, 2024
အရှုံးကို လက်ခံရဲခြင်း ဒီမိုကရေစီ
Donate to DVB

(၁)

ရွေးကောက်ပွဲ ရလဒ်ကို လက်ခံခြင်း၊ လက်မခံခြင်းဆိုတာ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်ကြား ခြားနားပေးထားတဲ့ အဓိကစည်းတခုဖြစ်တယ်လို့ အမေရိကန်ဒုသမ္မတလောင်း ကမ်မလာဟားရစ်က ဆိုတယ်။

အမေရိကန်ဒုသမ္မတလည်းဖြစ်၊ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းလည်းဖြစ်တဲ့ ဟားရစ်ဟာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်တာ သေချာသွားပြီးနောက် ချက်ချင်းဆိုသလို အဲဒီလို ပြောကြားခဲ့တာပါ။ ပြိုင်ဘက် ရီပက်ဘလစ်ကန်ပါတီကိုယ်စားပြုသမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် အနိုင်ရခဲ့တယ်။ နိုဝင်ဘာ ၆ ရက်မှာ ဟားရစ်က အရှုံးကို လက်ခံကြောင်းနဲ့ သမ္မတလောင်းထရမ့်ပ်ထံ ဂုဏ်ပြုစကားပြောကြားပြီးဖြစ်ကြောင်း ထောက်ခံသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တယ်။ ပြီးတော့ လက်ရှိဒုသမ္မတလည်းဖြစ်တဲ့ ဟားရစ်က အာဏာလွှဲပြောင်းရေးကိစ္စ ချောမွေ့စေဖို့ ကူညီသွားမယ်လို့လည်း ကတိပြုခဲ့တယ်။

လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဒေါ်နယ်ထရမ့်ပ်ကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့သလို အာဏာလွှဲပြောင်းရေး ချောချောမွေ့မွေ့ဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုတယ်။ “ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်” လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။

ဟားရစ်က ရှုံးတာ သေချာတာနဲ့ အရှုံးကို လက်ခံ၊ ထရမ့်ပ်ထံ ဖုန်းဆက်။ သမ္မတဘိုင်ဒင်ကလည်း အာဏာလွှဲပြောင်းရေး ချောမွေ့စေရမယ်လို့ ဆိုကြတော့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အရှုံးကို ဆတ်ဆတ်ခါ ငြင်းဆန်ခဲ့တဲ့ ထရမ့်ပ်ရဲ့အဖြစ်တွေက ပြန်ပြောင်းအမှတ်ရစရာပါ။ အဲဒီအချိန်မှာ ထရမ့်ပ်က အမေရိကန်သမ္မတအဖြစ်ကနေ နောက်သက်တမ်းအတွက် ထပ်မံရွေးချယ်ခံတဲ့သူ။ ထရမ့်ပ်က ဘိုင်ဒင်ကို မဲရှုံးကြောင်းလည်း သေချာရော ကိုယ့်အရှုံးကိုယ် အသိအမှတ်မပြုနိုင်။ ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း ပြောဆိုနေတဲ့ ထရမ့်ပ်ကို ထောက်ခံသူတွေက အမေရိကန်လွှတ်တော်ထဲ ဝင်ရောက်စီးနင်းမှုဟာ အမေရိကန်နိုင်ငံနဲ့ ဒီမိုကရေစီစနစ်ကိုပါ မစင်နဲ့ ပက်လိုက်သလိုမျိုး။ ပြီးတော့ သမ္မတ ဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ထရမ့်ပ် မတက်ရောက်ခဲ့ခြင်းကလည်း သိက္ခာမရှိတဲ့ အမေရိကန်သမ္မတ တဦးအဖြစ် ရုပ်ပျက်ဆင်းပျက်ကြီး။ အခု ထရမ့်ပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကိုတော့ သမ္မတဘိုင်ဒင် တက်ရောက်ချီးမြှင့်မှာ သေချာတယ်။

အရှုံးကို ရင်ဆိုင်ခဲ့ရစဉ်က အရူးချေးပန်း ရမ်းခဲ့ပြီး အခု သိက္ခာရှိတဲ့ အရှုံးသမားတွေရဲ့ ဒီမိုကရေစီစိတ်ဓာတ်တွေနဲ့ ကြုံတွေ့ရတဲ့အခါ ထရမ့်ပ်ကတော့ ထရမ့်ပ်စတိုင်အတိုင်း သိပ်စာဖွဲ့နေမယ့်ပုံမပေါ်။ ဘယ်သူတွေ ဘာပြောပြော ဂရုစိုက် နားမစွင့်ချင်ယောင်။

(၂)

ဒုသမ္မတ ဟားရစ်က ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်ကြား ခြားထားတဲ့စည်းအကြောင်း ပြောလိုက်တော့ အာဏာရှင်စနစ်ကြောင့် ပြည်သူတွေ သောက်သောက်လဲသေ၊ လက်ညှိုးထိုးမလွဲ ဘဝတွေပျက်၊ တတိုင်းပြည်လုံး အကောင်းတွေမကျန်အောင် စုတ်ပြတ်သတ်သွားတဲ့ ကိုယ်တွေရဲ့ မြန်မာနိုင်ငံကို ကြည့်ပြီး ပြောလိုက်တာများလားလို့ အတွေးပွားမိတယ်။

မြန်မာနိုင်ငံမှာက ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်မှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲက စလို့ ရွေးကောက်ပွဲဆိုတာ စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာဆန့်ကျင်ကြတဲ့ လူထုတိုက်ပွဲ သို့မဟုတ် ပြည်သူတို့ရဲ့ ဒီမိုကရေစီ ခုခံကာကွယ်ရေးတိုက်ပွဲဖြစ်ခဲ့တယ်။

၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်း ဦးဆောင်တဲ့ တည်မြဲဖဆပလရဲ့ ကြွေးကြော်သံ “နိုင်ရင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်” ဆိုတဲ့စကားဟာ ဒီနေ့ထိတိုင် သမိုင်းဆိုးတွင်ခဲ့တယ်။ စစ်တပ် ကျောထောက်နောက်ခံနဲ့ မိုက်လုံးကြီးခဲ့တဲ့ တည်မြဲဖဆပလရဲ့ အဲဒီကြွေးကြော်သံက ပြည်သူတို့ရဲ့ ဒီမိုကရေစီရေးစိတ်ဓာတ်ကို ပုတ်နှိုးခဲ့တယ်။ နိုင်ငံရေးထဲ ဝင်ရောက်စွက်ဖက်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ခါးသီးကာ စစ်ဆိုရင် ရေတောင် စစ်မသောက်ချင်တဲ့ မြန်မာပြည်သူတွေဟာ သန့်ရှင်းဖဆပလဘက် မဲပုံအောထည့်ကြပြီး ဒီမိုကရေစီကို ကာကွယ်ခဲ့ကြတယ်။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက ၁၉၆၀ ရွေးကောက်ပွဲကို ပြည်သူလူထုရဲ့ အသံမထွက်တဲ့ တော်လှန်ရေးလို့ ဆိုတယ်။

ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီဟာ ၁၉၆၂ ခုနှစ်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုအောက် ပြိုကျခဲ့တယ်။ ပထမ အာဏာရှင်ဗိုလ်နေဝင်းရဲ့ ဖိနှိပ်မှုမျိုးစုံအောက်မှာ အငတ်ငတ်အပြတ်ပြတ်နဲ့ ငရဲသို့ ဇောက်ထိုးဆင်းခဲ့ကြရပေမဲ့ မြန်မာပြည်သူတွေရဲ့ ရင်ထဲက ဒီမိုကရေစီစိတ်ဓာတ်ကိုတော့ မသတ်နိုင်ခဲ့ကြောင်း ရှစ်လေးလုံးအရေးတော်ပုံကြီးက သက်သေပြခဲ့တယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးက ဘယ်တော့မှမပြိုဘူးလို့ ထင်ထားခဲ့တဲ့ မဆလပါတီနဲ့ နေဝင်းအာ ဏာကို ရိုက်ချိုးခဲ့ပြီးနောက် စစ်အာဏာရှင်တွေဟာ မတတ်သာတဲ့အဆုံး သူတို့ရဲ့နောက်ဆုံးနည်းကို ထုတ်သုံးကာ အာဏာသိမ်းလိုက်ပြန်တယ်။

ကိုယ့်ဘဝ ကိုယ့်အခြေအနေ မှန်အောင် မတွေးတတ်တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ပါတီ တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) နိုင်မယ်အထင်နဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရခဲ့လေတော့ မျက်နှာပြောင်တိုက် အာဏာမလွှဲရုံတင်မက ရွေးကောက်ပွဲအမတ်တွေကို ထောင်ထဲထည့်၊ ရွေးကောက်ခံပါတီကို အစွမ်းကုန်ဖျက်ဆီးခဲ့ကာ သူ့ထက်ကဲတဲ့ ဒုတိယအာဏာရှင်အဖြစ် မောက်မာခဲ့တယ်။

စစ်အစိုးရဟာ မြန်မာပြည်သူတွေရင်ထဲက ဒီမိုကရေစီကို ချေမှုန်းနိုင်ခြင်း မရှိခဲ့လေတော့ စစ်တပိုင်း ဒီမိုကရေစီအဖြစ် နောက်တလှမ်းဆုတ် စစ်အာဏာရှင်တို့ရဲ့ ပြည်ခိုင်ဖြိုးပါတီ မပြိုင်ခင်ကတည်းက နိုင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ မနိုင်ခင်ကတည်းက ဖွဲ့စည်းပြီးတဲ့ ပြည်ခိုင်ဖြိုးအစိုးရ ဖြစ်လာတယ်။

၂၅ ရာခိုင်နှုန်း အကျောပေးစနစ်အရ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးအစိုးရဟာ ပြည်သူ့ပါတီ NLD ကို ရွေးကောက်ပွဲပလက်ဖောင်းပေါ် တက်ခွင့်ပြုခဲ့တဲ့ ၂၀၁၂ ခုနှစ်ကြား ဖြတ်ရွေးကောက်ပွဲမှာတင် မှောက်လျက်လဲကျ၊ ၂၀၁၅ ရွေးကောက်ပွဲ ကြိုးဝိုင်းပေါ်ရောက်တော့ အမှောက်သိပ်ခံလိုက်ရတာ ထမ်းစင်နဲ့ သယ်ထုတ်ခံရတဲ့အထိ။

၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မှတ်သားစရာတချက်က နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပပြီး နောက်တရက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သူ ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ခြင်းပင်။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သူရဦးရွှေမန်းက နိုဝင်ဘာ ၉ ရက်မနက်မှာ သူ့ရဲ့ လူမှကွန်ရက်စာမျက်နှာကနေ သူ ရွေးကောက်ပွဲရှုံးကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့သလို သူ့ပြိုင်ဘက် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့် အနိုင်ရခဲ့တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ချီးကျူးစကား ပြောခဲ့တယ်လို့လည်း ဆိုတယ်။

ဒါဟာ (ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ) မြန်မာ့နိုင်ငံရေးသမိုင်းမှာ တကြိမ် တခါမှ မရှိခဲ့ဖူးတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတဦးရဲ့ အရှုံး ဝန်ခံချက် ဖြစ်သလို မြန်မာခေတ်အဆက်ဆက် ဘယ်နိုင်ငံရေးသမားကမှလည်း အခုလို မပြုမူဖူးဘူးလို့လည်း ထင်ရတယ်။

ဒါပေမဲ့ သူရဦးရွှေမန်းဟာ အပေါ်လေစီးပြီး ပန်းခင်းလမ်း ဒီမိုကရေစီကိုသာ လျှောက်လှမ်းဖူးတဲ့ စိတ်ကူးယဉ်သူတဦးမျှသာ ဖြစ်တာကြောင့် မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးနောက် မင်းအောင်လှိုင်ကို ဦးညွှတ်ကာ နိုင်ငံရေးပင်စင်စားကြီးအဖြစ် စိပ်ပုတီးနဲ့ ဂေါက်တံကိုသာ ကောက်ကိုင်တော့တာ တွေ့ရတယ်။

နောက်ထပ် မှတ်သားစရာတချက်က ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရကို ပြည်ခိုင်ဖြိုးအစိုးရက ၂၀၁၆ ခုနှစ်အတွင်း အာဏာလွှဲပြောင်းပေးတဲ့ အခမ်းအနားပါပဲ။ အဲဒီအခမ်းအနားကို ပြည်ခိုင်ဖြိုးသမ္မတ သိန်းစိန် တက်ရောက်ခဲ့ပေမဲ့ အရယ် အပြုံး မရှိ၊ အခုပဲ ငိုချလိုက်တော့မယ့် မျက်နှာမျိုးနဲ့ အရှုံးကို မတတ်သာလို့ လက်ခံလိုက်ပေမဲ့ လက်ခံလိုစိတ်မရှိမှန်း သိသိသာသာ။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်သားဆုံး အောင်ပွဲခံ အနိုင်ရပြန်တော့ အာဏာသို့ အပြန်လမ်း နောင်အနှစ် ၁၀၀ တိုင်အောင် မရှိတော့မှန်း သေချာသွားတာကြောင့် စစ်အုပ်စုက သူတို့ရဲ့ နောက်ဆုံးနည်းဖြစ်တဲ့ အာဏာသိမ်းခြင်းအမှုကို ဆက်လက်ကျူးလွန်တော့တယ်။

(၃)

ရွေးကောက်ပွဲရလဒ်ကို လက်မခံခြင်းဟာ အာဏာရှင်တွေရဲ့ ထင်ရှားတဲ့ အမှတ်လက္ခဏာဖြစ်တယ်။ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်ကြား နိုင်ငံရေးစကားဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာလို့မရမှန်း မြန်မာ့သမိုင်း အတွေ့အကြုံတွေက သင်ကြားပေးခဲ့ပြီးဖြစ်တယ်။

အာဏာရှင်စနစ်ကို မြေလှန် အမြစ်ဖြတ် အနိုင်တိုက်ခြင်းသည်သာ ကျွန်ုပ်တို့အတွက် တခုတည်း သော ထွက်ရပ်လမ်း ဖြစ်တယ်။

ထွန်းလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013