DVB Logo
Home
နိုင်ငံတကာ
ရုပ်ကြွင်းလောင်စာဆက်သုံးရေး လှုံ့ဆော်သူကို စွမ်းအင်ဝန်ကြီးအဖြစ် ထရမ့်ပ် ရွေးချယ်
DVB
·
November 17, 2024
ရုပ်ကြွင်းလောင်စာဆက်သုံးရေး လှုံ့ဆော်သူကို စွမ်းအင်ဝန်ကြီးအဖြစ် ထရမ့်ပ် ရွေးချယ်
Donate to DVB

ရေနံနဲ့ဓာတ်ငွေ့လုပ်ငန်းနယ်ပယ်က စီအီးအိုတယောက်ဖြစ်တဲ့ ခရစ် ရိုက် ကို စွမ်းအင်ဝန်ကြီးနေရာ လျာထားတယ်လို့ အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့ပါတယ်။  

ရိုက်ဟာ ရုပ်ကြွင်းလောင်စာ ဆက်လက်သုံးစွဲရေး အပြင်းအထန် လှုံ့ဆော်သူ၊ ခုခံသူ တယောက်အဖြစ် ထင်ရှားပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့ထုတ်ယူရာမှာ လုပ်ငန်းစဉ် မြန်ဆန်အောင် ကျောက်တွေကို အရည်ဖိအားနဲ့ခွဲထုတ်တဲ့ နည်းပညာ (Fracking) သုံးစွဲတဲ့ ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့     Liberty Energy ကုမ္ပဏီရဲ့ တည်ထောင်သူလည်းဖြစ်၊ စီအီးအိုလည်း ဖြစ်ပါတယ်။  

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် မြင့်တက်လာတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးမှာ ရေနံနဲ့ဓာတ်ငွေ့ကို အမြင့်ဆုံးသုံးစွဲဖို့ ထရမ့်ပ်ရဲ့ အစီအစဉ်ကို ဦးဆောင်ရဖို့ရှိနေပါတယ်။ 

ရိုက်ဟာ ရာသီဥတုပြောင်းလဲလာမှုအတွက် တကမ္ဘာလုံးဝိုင်းဝန်းတိုက်ဖျက်ရေးကို ထရမ့်ပ် နည်းတူ ကန့်ကွက်သူဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလှုပ်ရှားသူတွေဟာ သွေးလှန့်ရေးသမား၊ ခြောက်လှန့်ရေးသမားတွေသာ ဖြစ်တယ်လို့ ဝေဖန်သူ ဖြစ်ပါတယ်။

ရာသီဥတုအကျပ်အတည်းဆိုတာ မရှိသလို၊ စွမ်းအင်အသွင်ကူးပြောင်းရေးလမ်းခုလတ်မှာ ရောက်နေတယ် ဆိုတာလည်း မဟုတ်ဘူးလို့ ရိုက်က သူ့ရဲ့ LinkedIn ပရိုဖိုင်းမှာ ရေးသားခဲ့ဖူးပါတယ်။ 

ရိုက်ဟာ နိုင်ငံရေးအတွေ့အကြုံမရှိပေမဲ့ ရုပ်ကြွင်းလောင်စာထုတ်လုပ်မှုကနေ လူတွေကို ဆင်းရဲတွင်းက ရုန်းထွက်အောင် လုပ်နိုင်တယ်ဆိုတဲ့ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားလှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။ 

လွတ်လွတ်လပ်လပ် နေတတ်တဲ့ စတိုင်ကြောင့် ရိုက်ဟာ ရေနံနဲ့ စွမ်းအင်လုပ်ငန်းရှင်တွေကြားမှာ တစ်မူ ကွဲထွက်နေသူဖြစ်သလို ၂၀၁၉ တုန်းကလည်း  ဟိုက်ဒြိုကာဗွန် ထုတ်ယူဖို့ တွင်းတူးရာမှာ သုံးတဲ့ fracking fluid လို့ခေါ်တဲ့ ဓာတုဆေးရည်ဟာ အန္တရာယ်မရှိကြောင်း ပြသဖို့ သောက်ပြခဲ့လို့ နာမည်ကြီးသူ ဖြစ်ပါတယ်။ 

စွမ်းအင်ဝန်ကြီးဟာ ရေနဲ့ဓာတ်ငွေ့အပြင် နျူကလီးယားလက်နက် အဆောက်အအုံတွေ၊ နျူကလီးယားစွမ်းအင် အညစ်အကြေးစွန့်ပစ်မှုနဲ့ အမျိုးသားဓာတ်ခွဲခန်း ၁၇ ခုကိုပါ ကြီးကြပ်ရသူလည်း ဖြစ်ပါတယ်။ 

လက်ရှိ ဘိုင်ဒင်ရဲ့ စွမ်းအင်ဝန်ကြီး ဂျနီဖာ ဂရန်ဟွမ်း ကတော့ လျှပ်စစ်ကားတွေနဲ့ ဘူမိအပူစွမ်းအင်၊ ကာဘွန်ကင်းစင် လေ၊ နေနဲ့ နျူကလီးယားစွမ်းအင်ကို ထောက်ခံသူ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013