
နယ်သာလန်နိုင်ငံ မြို့တော်အမ်စတာဒမ်ဟာ အမဲသား ဘာဂါလိုမျိုး အသားထုတ်ကုန်တွေနဲ့ ရုပ်ကြွင်းလောင်စာဆီ ထုတ်ကုန်တွေအတွက် အများပြည်သူမြင်ကွင်းမှာ ကြော်ငြာခွင့်ပိတ်တဲ့ ကမ္ဘာ့ပထမဆုံးမြို့တော် ဖြစ်လာပါတယ်။
မေ ၁ ရက်ကစလို့ ဘာဂါ၊ ဆီသုံးကားနဲ့ လေကြောင်းလိုင်းကြော်ငြာတွေကို ဘေလ်ဘုတ်တွေ၊ ဓာတ်ရထားမှတ်တိုင်တွေနဲ့ မြို့ပတ်ရထားဘူတာရုံတွေကနေ ဖယ်ရှားလိုက်ပါပြီ။
ဒီလုပ်ရပ်ဟာ ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေးနဲ့ အသားစားသုံးမှု ထက်ဝက်လျှော့ချရေး ဆိုတဲ့ မြို့တော်ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်တွေအတွက် ဖြစ်တယ်လို့ ထောက်ခံသူတွေက ဆိုပါတယ်။
GreenLeft ပါတီက အန်းနက်ဗင်းဟော့ဖ်က “တားမြစ်ထားတဲ့အရာတွေကို အများပြည်သူပိုင် နေရာမှာ ကြော်ငြာခွင့်ပေးပြီး မြူနီစပယ်အဖွဲ့က ငွေရှာနေတာကို လူအများစုက နားမလည်နိုင်ကြပါဘူး”လို့ ပြောပါတယ်။
တိရစ္ဆာန်များအတွက်ပါတီ (Party for the Animals) က အန်ကီဘတ်ကာကလည်း လူတွေကို ကုမ္ပဏီကြီးတွေရဲ့ လွှမ်းမိုးမှုကနေ ကင်းဝေးစေတဲ့အတွက် ကိုယ်ပိုင်ရွေးချယ်ခွင့် ပိုရလာမယ်လို့ ထောက်ခံထားပါတယ်။
တက်ကြွလှုပ်ရှားသူ ရှေ့နေ ဟန်နာပရင်စ်ကတော့ ကာဗွန်ထုတ်လွှတ်မှုများတဲ့ အစားအစာတွေကို ဆေးလိပ်လိုမျိုး အန္တရာယ်ရှိတယ်လို့ လူတွေမြင်လာအောင် လုပ်ဆောင်လိုက်တာလို့ ရှုမြင်ပါတယ်။
ဒါပေမဲ့ ဒတ်ချ်အသားထုတ်လုပ်သူများအသင်းကတော့ ဒီပိတ်ပင်ချက်ဟာ စားသုံးသူတွေရဲ့ အလေ့အထကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ မလိုလားအပ်တဲ့ လုပ်ရပ်လို့ ဝေဖန်ပါတယ်။
အသားဟာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပေးစွမ်းနိုင်တဲ့အတွက် စားသုံးသူတွေ အလွယ်တကူ မြင်တွေ့ ဝယ်ယူနိုင်သင့်တယ်လို့လည်း အဲဒီအဖွဲ့က ထောက်ပြပါတယ်။
ခရီးသွားအေဂျင်စီအသင်းတွေကလည်း လေကြောင်းခရီးစဉ်တွေ ပါဝင်တဲ့ အားလပ်ရက်ခရီးစဉ် ကြော်ငြာတွေကို ပိတ်တာဟာ ကုမ္ပဏီတွေရဲ့ စီးပွားရေးလွတ်လပ်ခွင့်ကို အချိုးအစားမညီမျှစွာ ကန့်သတ်လိုက်တာလို့ ကန့်ကွက်ထားပါတယ်။
Source: Reuters










