DVB Logo
Home
မြန်မာသတင်း
မူဆယ်-ကျယ်ဂေါင်နယ်စပ်ဂိတ်များ ကုန်စိမ်းသယ်ခွင့်မပြုသဖြင့် အလကား ဝေပေးနေရ
DVB
·
November 13, 2024
မူဆယ်-ကျယ်ဂေါင်နယ်စပ်ဂိတ်များ ကုန်စိမ်းသယ်ခွင့်မပြုသဖြင့် အလကား ဝေပေးနေရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်-ကျယ်ဂေါင် တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကနေ ကုန်စိမ်းသယ်ခွင့် မပြုတော့တာကြောင့် အခုရက်ပိုင်း ကုန်သည်တွေက ကုန်းစိမ်းတွေကို အလကား ဝေပေးနေကြရကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “တရုတ်ဘက်က ကုန်စိမ်းကားတွေ မြန်မာဘက် ထွက်မရလို့ ကျယ်ဂေါင် - မူဆယ် မန့်ဝိန်းဂိတ်ပေါက်ဘက်တော့ အလကား ဝေပေးနေတယ်။ တရုတ်တွေ ဆင်ဖြူဂိတ်ကနေ ပစ္စည်း သယ်ခွင့်ပိတ်လို့‌လေ။ ခု ဘယ်ဘက်မှ ပစ္စည်းပေးမသယ်ဘူး” လို့ ပြောပါတယ်။

မူဆယ်ဘက်က နန်းတော် - ကျယ်ဂေါင်၊ ဆင်ဖြူ - ကျာ်ဂေါင် ဂိတ်ကနေလည်း လူပဲ ဖြတ်ခိုင်းပြီး ပစ္စည်းတွေ မသယ်ခိုင်းတာကြောင့် ကုန်စိမ်းသည်တွေ ဆုံးရှုံးနေကြတယ်လို့ ဆိုပါတယ်။

နယ်စပ် ကုန်သည်တယောက်က “ဆိုင်ကယ် ပေးမထွက်တာနဲ့ မှန်လုံကားတွေကို မန့်ဝိန်းဂိတ်ဘက် ပြောင်းတာ။ မန့်ဝိန်းဂိတ်ဘက် ပြောင်းတော့ မြန်မာဘက်က ပေးမထွက်ဘူး။ အဲဒါ ပြဿနာ ရှုပ်နေတာလို့ ကြားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းကလည်း တရုတ်ဘက်က မြန်မာဘက် တင်ပို့မယ့် အာလူးတွေကို ကန့်သတ်လိုက်တာကြောင့် ဂိုဒေါင်တွေမှာ အာလူးတွေ အများအပြား ပုပ်ပျက်ကာ ဆုံးရှုံး ခဲ့ကြရတယ်လို့ သူက ပြောပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ Video file မှာတော့ "ကုန်စိမ်းကား ထွက်လို့ မရလို့ကွာ သနားပါတယ်။ ကုန်သည်တွေလည်း အများကြီး ဆုံးရှုံးသွားတာ။ အလကား လာပေးနေတယ်။ ကြိုက်တဲ့ လူယူတဲ့ကွာ” လို့ ပြောထားပါတယ်။

တရုတ်ဘက်က ကုန်စိမ်းတွေကို မြန်မာဘက်ခြမ်းက ဝယ်ယူစားသုံးတာ များတာကြောင့် မူဆယ် - ကျယ်ဂေါင် နယ်စပ်ဂိတ်တွေပိတ်လိုက်ရင် တရုတ်ဘက်က ကုန်စိမ်းလုပ်ငန်းရှင်တွေ ဆုံးရှုံးလာဖို့ များတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ကစ ရွှေလီအစိုးရက တရုတ်ဘက်ကနေ မြန်မာဘက် ကုန်စည် ပို့ဆောင်မယ်ဆိုရင် နှစ်နိုင်ငံ တရားဝင် အခွန်ဆောင်ပြီး သွားရတဲ့ လမ်းကြောင်းဘက်ကနေသာ ကုန်စည်သယ်ဆောင်ခွင့်ပြုဖို့ အသိပေးကာ ဆောင်ရွက်ခဲ့တာရှိပေမဲ့ တရားဝင် အခွန်ဆောင်ပြီး ကုန်စည်သယ်ဆောင်လို့ရတဲ့ ကျယ်ဂေါင် - မူဆယ် မန့်ဝိန်း နယ်စပ်ဂိတ်ပေါက်ကို မြန်မာဘက်ခြမ်းက ပိတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013