DVB Logo
Home
မြန်မာသတင်း
အနန်းကွင်းစစ်ဗျူဟာ တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်က တင့်ကားများအားဖြည့်ရန် ကြိုးပမ်း
DVB
·
November 13, 2024
အနန်းကွင်းစစ်ဗျူဟာ တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်က တင့်ကားများအားဖြည့်ရန် ကြိုးပမ်း
Donate to DVB

သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က မြေပြင်နဲ့ ဝေဟင် ပစ်ကူပေးပြီး တင့်ကားတွေနဲ့ အားဖြည့်ဖို့ကြိုးစားနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာ တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ်ဘက်က ဝေဟင်နဲ့ မြေပြင်ကနေ ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်။

ဒါအပြင် KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် စစ်ဗျူဟာစခန်းမကျရေး မုဒုံအမြောက်တပ်၊ ဝဲကလီအမြောက်တပ်နဲ့ တောင်ကလေးကျေးရွာကနေ လက်နက်ကြီးတွေနဲ့ နေ့ညပစ်ခတ်နေပါတယ်။

ဒါအပြင် နိုဝင်ဘာ ၁၀ ရက်က စစ်ကောင်စီတပ်ဘက်က ဝေဟင်နဲ့မြေပြင် ပစ်ကူရယူပြီး မြေပြင်ကနေ တင့်ကားတွေနဲ့ အင်အားဖြည့်တင်ဖို့ကြိုးစားလာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့   မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က “လေကြောင်းကတော့ မနေ့တုန်းက တနေ့ကုန်ပဲ။ သူတို့ မထင်ရင်မထင်တဲ့နေရာတွေ ရွာတွေချည်းပဲတော့ မဟုတ်ဘူး။ တောင်တန်းတွေရှိတဲ့နေရာတွေ အဖွဲ့တွေရှိမယ့်နေရာကို ခန့်မှန်းပြီးတော့ ချတယ်။ လက်နက်ကြီးပစ်ခတ်မှုလည်း အဲလိုပဲ။ မထင်ရင် မထင်သလို ဘာမှ မရှိတဲ့နေရာလည်း ပစ်တာပဲ။ အင်အားဖြည့်တင်းဖို့ သူတို့ ကြိုးစားလိုက်သေးတယ်။ အင်အားဖြည့်တာကတော့ သူတို့တင့်ကားတွေနဲ့ တက်လာတယ်။ အဲနားချထားတဲ့ လူတွေနဲ့ ထိပ်တိုက်ထိတွေမှုဖြစ်ပြီး သူတို့ပြန်ဆုတ်သွားတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ဝေဟင်နဲ့ မြေပြင်ကနေ နေ့တိုင်းနီးပါး ပစ်ခတ်နေတဲ့အပြင်  စစ်ကောင်စီစစ်ကြောင်းတွေ ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လှုပ်ရှားတာ၊ တပ်စခန်းတွေက ဖမ်းဆီးခေါ်ဆောင်တာ၊ သတ်ဖြတ်တာ၊ ပစ္စည်းလုယူတာတွေ လုပ်ဆောင်နေတာကြောင့် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ကျားမီ၊ ဖားပြ  စတဲ့အနီးအနားကျေးရွာက ဒေသခံတွေဟာ  ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါအပြင် ပွင့်လင်းရာသီ ရောက်လာပြီဖြစ်လို့ တိုက်ပွဲတွေ ဖော်ဆောင်လာရင် ပိုမို ဒုက္ခရောက်ဖို့ပဲရှိတယ်လို့  စစ်ရှောင်ပြည်သူ တွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “ရှေ့ဆက်ဘာဖြစ်မလဲဆိုတာလည်း ခန့်မှန်းလို့မရတော့ဘူး။ ဖြစ်လာသမျှ အကုန်လုံးက ရင်ဆိုင်ရမယ်ဆိုတဲ့ ပုံစံပဲရှိတော့တယ်။ ဆိုးဆိုးဝါးဝါး ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ ပြောလို့တောင်မတတ်ဘူး။  ရှေ့ဆိုရင် ပွင့်လင်းရာသီ ရောက်လာမယ်။ တိုက်ပွဲတွေက ထပ်ပြီးဖော်ဆောင်လာမယ်ဆိုရင် ပြန်ဒုက္ခရောက်ပေါ့။ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့အချိန်မှာ စိမ်ခေါ်မှုဆိုတာ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာတောင် မသိတော့ဘူး။ ဖြစ်ရင် ရင်ဆိုင်နေရတယ်။ ဒီကြားထဲ သေရင်လည်း သေပေါ့။ အဲလိုမျိုးပဲနေကြရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လေကြောင်းအပြင် လက်နက်ကြီးနဲ့ နေတိုင်းနီးပါး ပစ်ခတ်နေတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ ဥယျာဉ်ခြံနဲ့ လုပ်ငန်းခွင်တွေ မဝင်ရောက်ရဲတာ၊ ကူညီထောက်ပံ့မှုတွေ မရရှိတာကြောင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013