မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဒရုန်းတွေနဲ့ တင့်ကားဖျက် ဒုံးကျည်တွေကို အဆင့်မြင့်မြင့်ခုခံကာကွယ်နိုင်စွမ်းနဲ့ တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ တင့်ကားအမျိုးအစားသစ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့ပြီး ခေတ်မီတင့်ကားလုပ်ငန်းကို ပြသခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KRT က မတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံပိုင်ရုပ်သံ KRT မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုထဲမှာ ကင်မ်ဂျုံအန်းက တင့်ကားပေါ်မှာ ထိုင်နေပြီး သူ့သမီး ကင်မ်ဂျူအဲက တင့်ကားအတွင်းမှာ ရှိနေတာကို မြင်တွေ့ရပါတယ်။
ဒါ့အပြင် ဒရုန်းတွေက ပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့ စစ်ရေးလေ့ကျင့်ခန်းတွေကိုလည်း သူတို့သားအဖ ကြည့်ရှုခဲ့ပါတယ်။
ဒီလအစောပိုင်းတုန်းကလည်း သမီးဖြစ်သူ ကင်မ်ဂျူအဲဟာ သူ့ဖခင်နဲ့အတူ စစ်ဘက်အရာရှိတွေ ရှေ့မှာ စနိုက်ပါရိုင်ဖယ်နဲ့ လက်နက်ငယ်တွေကို ပစ်ခတ်ပြခဲ့ပါသေးတယ်။
အခုနောက်ပိုင်းမှာ ဆယ်ကျော်သက်အရွယ်ရှိပြီလို့ ယူဆရတဲ့ ကင်မ်ဂျုံအန်းရဲ့သမီး ကင်မ်ဂျအဲကို လူထုရှေ့မှာ မကြာခဏ ထုတ်ပြလာတာဟာ သူ့ဖခင်ရဲ့ အရိုက်အရာဆက်ခံဖို့ လေ့ကျင့်ပေးနေတာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား အရာရှိတွေနဲ့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
Source: Reuters










