DVB Logo
Home
မြန်မာသတင်း
ပုဂံဒေသခံများ ဝင်ငွေကျဆင်းသွားပြီး လူမှုဘဝအခက်အခဲမျိုးစုံ ရင်ဆိုင်နေရ 
DVB
·
November 12, 2024
ပုဂံဒေသခံများ ဝင်ငွေကျဆင်းသွားပြီး လူမှုဘဝအခက်အခဲမျိုးစုံ ရင်ဆိုင်နေရ 
Donate to DVB

ကမ္ဘာ့အမွေနှစ်ဒေသ ပုဂံမြို့ဟောင်းကို အလည်လာကြတဲ့ ပြည်တွင်း ပြည်ပ ခရီးသွားတွေကို အမှီပြုပြီး ခရီးသွားလုပ်ငန်းနဲ့ ရပ်တည်နေကြရတဲ့ ပုဂံဒေသခံတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အခြေနေတွေတွေကို ၄ နှစ်ကြာ တောင့်ခံလာပြီးတဲ့နောက် စားဝတ်နေရေး အကျပ်တည်းတွေနဲ့ ရင်ဆိုင်လာရပါတယ်။

ဒေသခံတယောက်က “ပုဂံက အရင်တုန်းက Tour တွေ နိုင်ငံခြားသားဧည့်သည်တွေ ကျတယ်။ မြန်မာဧည့်သည်တွေကလည်း ဘုရားဖူးဆိုပြီး ပုံမှန်ထွက်နေကျလေ။ အဲဒီလိုမျိုး ထွက်တာကျတော့ ဧည့်သည်မရှိတဲ့အခါကျတော့ ဈေးအရောင်းအဝယ်သမားတွေ ဆိုရင်လည်း ဧည့်သည်တွေရှိတော့ ရောင်းရတယ်။ ပုဂံလက်ဆောင်ပစ္စည်းဆိုရင်လည်း ဝယ်ကြတယ်။ အဲဒီတော့ လုပ်ငန်းတွေက ဖြစ်တယ်။ အခုက ဧည့်သည်ပါးသွားတော့ နိုင်ငံရေးနဲ့ လုပ်ငန်းကိုင်ငန်းနဲ့ ကုန်ဈေးနှုန်းနဲ့ဆိုတော့  မသုံးနိုင်ကြဘူးလေ။ လာတဲ့ဧည့်သည်လည်း အရင်လို အဆင်မပြေဘူးပေါ့။ ကျပ်တည်းတဲ့ဘက် ရောက်တာပေါ့” လို့ ပြောပါတယ်။

ပုဂံမြို့ဟောင်းက ဘုရားဖူးအများစု လာရောက်လေ့ရှိတဲ့ ဘုရားတွေမှာ ဘုရားဖူးတွေ နည်းပါးတဲ့အတွက် ဘုရားဈေးသည်တွေကို မဲနှိုက်ခိုင်းပြီး ဧည့်သည်တဖွဲ့ကို ဈေးသည်တဦး သတ်မှတ်ရောင်းချနေကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 

ပုဂံမြို့ဟောင်းက နာမည်ကျော် အစိမ်းရောင်စဥ့်ထည်တွေနဲ့ ထင်ရှားတဲ့ စိုးမင်းကြီးဘုရားမှာတော့ မဲနှိုက်ပြီး အလှည့်ကျ ဈေးရောင်းချနေကြရပါတယ်။

သဲပန်းချီရောင်းချသူ အမျိုးသမီးတယောက်က “အရင်တုန်းက အစ်မတို့ ဒီပစ္စည်းတွေက မြန်မာတွေ ရောင်းဘူးလေ။ ဖော်ရိန်နာတွေပဲ ရောင်းတာလေ။ ဖော်ရိန်နာတွေ အများကြီး လာတာကိုး။ အခုကျတော့ ဖော်ရိန်နာတွေက မလာတော့ ကိုယ့်မြန်မာတွေ၊ ဒါဈေးမရဘူးလေ။ နေ့တွက်နဲ့ ရောင်းရတာ။ ဖော်ရိန်နာတွေကတော့ သူတို့ yes or no ပဲ သူတို့ ကြိုက်ရင် ဝယ်တယ်။ သူတို့မကြိုက်ရင် မဝယ်ဘူး။ ဈေးကိုမမြင်ဘူး။ ၃၀ ဆိုလည်း သူတို့ကြိုက်ရင် ပေးဝယ်သွားတာပဲ။ သူတို့ မကြိုက်ရင် မဝယ်ဘူး။ သူတို့ကြိုက်ရင် ၃၀ ဆိုလည်း ဝယ်တယ်၊ ၄၀ ဆိုလည်း ဝယ်တယ်၊ ၅၀ ဆိုလည်း ဝယ်တယ်” လို့ ပြောပါတယ်။ 

ညောင်ဦးမြို့နယ်၊ ဧရာဝတီအရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ မြန်မာတို့ရဲ့ ပထမဆုံးဧကရာဇ် နိုင်ငံထူထောင်ရာ ပုဂံမြို့ဟောင်းဟာ ကမ္ဘာ့အမွေနှစ်စာရင်းဝင် မဖြစ်ခင်ကတည်းက နိုင်ငံခြားသားအများအပြား လာရောက်လည်ပတ်တဲ့ မြန်မာ့အမွေနှစ်မြို့ဟောင်းတခု ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပြည်တွင်းစစ် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေဟာလည်း လုံခြုံရေးအခြေအနေ စိုးရိမ်တဲ့အတွက် ပုဂံဒေသ အပါအဝင် မြန်မာနိုင်ငံကို ဝင်ရောက်လည်ပတ်မှု မရှိသလောက် နည်းပါးသွားတာပါ။

လက်ရှိမှာ ပုဂံဒေသက ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေသူတွေဟာ အားလပ်ရက်၊ ရုံးပိတ်ရက်ရှည်တွေနဲ့ အခါကြီးရက်ကြီးအချိန်တွေမှာသာ လာရောက်လည်ပတ်တတ်ကြတဲ့ ပြည်တွင်းခရီးသွားတွေကိုသာ အားကိုးနေရတာပါ။

“ရှေ့ပိုင်းကာလတွေနဲ့တော့ ကွာတာပေါ့။ ဒီမှာက အဓိက ပုဂံသူ ပုဂံသားတွေက ကမ္ဘာလှည့်ခရီးသွားတွေကိုပဲ မှီခိုနေရတာကိုး။ ကမ္ဘာက အဝင်မရှိဘူးလေ။ ကိုယ့်မြန်မာလူမျိုးတွေလည်း ဒီလို Relax လာလုပ်တယ် ဆိုပေမဲ့လည်း စီးပွားရေး အရမ်းပြေလည်လို့ လာကြတဲ့သူတွေရှိသလို မပြေလည်တဲ့လူတွေလည်း ရှိတယ်လေ။ Souvenir ကျတော့ မြန်မာလူမျိုးတွေက အမွေအနှစ်ကို သိပ်ပြီး မခံစားတတ်ကြတဲ့အခါကျတော့ နိုင်ငံခြားသားတွေလောက် မရောင်းရဘူး။ ရောင်းတော့ရောင်းရတယ်။ တချို့ကျတော့လည်း အားနာပြီးတော့ အားပေးဦးမယ် အဲဒီလိုမျိုးလေးပေါ့။ စားဖို့လောက်ပဲရတာပေါ့။”

ပုဂံရှေးဟောင်းဒေသ ညောင်ဦးဈေးအတွင်းမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကြောင့် ဒေသခံတွေ ညည်းတွားနေကြပြီး ဝင်ငွေကျဆင်းလာပေမဲ့ ဒေသထွက် အသီးအရွက်တွေကအစ အစစအရာရာ ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုလည်း ခါးစည်းရင်ဆိုင်နေကြရပါတယ်။

ဈေးသည်တဦးက “ဝယ်ရခြမ်းရတာတော့ ရောင်းစားတာကလည်း မချောင်ဘူး။ ဝယ်ရတာကလည်း မချောင်ဘူး။ ရောင်းတဲ့သူလည်း မမြတ်ပါဘူး။ သီကာပွတ်ခါလေးပါပဲ” လို့ ပြောပါတယ်။

UNESCO က ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းရမယ့် နေရာအဖြစ် ၂၀၁၉ ခုနှစ်က သတ်မှတ်ခဲ့တဲ့ ပုဂံကို အရင် ၅ နှစ်က ခရီးသည် ၃ ဒသမ ၄ သန်း လာရောက်လည်ပတ်ခဲ့ပေမဲ့လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းနှစ်တွေမှာ တနှစ်ကို ခရီးသည် ၂ သိန်းလောက်ပဲ လာရောက်တော့တယ်လို့ စစ်ကောင်စီ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

ပုဂံဒေသမှာ မတူညီတဲ့ ဗိသုကာလက်ရာနဲ့ စေတီပုထိုးပေါင်း ၃,၀၀၀ ကျော်ရှိနေသလို နံရံဆေးရေးပန်းချီတွေကို လေ့လာနိုင်တဲ့ နေရာပေါင်း ၄၀၀ ကျော်အထိ ရှိနေသေးတယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တွေက ထောက်ပြထားပါတယ်။

ကပ်ရောဂါအလွန်မှာ ခရီးသွားလုပ်ငန်းတွေ အရှိန်နဲ့ပြန်စနိုင်ဖို့ နိုင်ငံတိုင်းက ရုန်းကန်နေရချိန်မှာ မြန်မာမှာတော့ အာဏာသိမ်းနောက်ဆက်တွဲ ဒေသအနှံ့ တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေကြောင့် ပြည်ပခရီးသွား မရှိသလောက် ဖြစ်သွားခဲ့တာကြောင့် ခရီးသွားလုပ်ငန်းတခုလုံး ရပ်တန့်လုနီးနေပြီလို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက သုံးသပ်ထားပါတယ်။

မြန်မာ့ရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေအရ ကိုဗစ်ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်းတွေ နာလန်ပြန်ထူနိုင်ခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ၂၈ သန်း လာရောက်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013