DVB Logo
Home
မြန်မာသတင်း
သာယာဝတီခရိုင်တွင် စစ်တပ်က နေအိမ်များအထိပါ ပေါ်တာဆွဲ ဖမ်းဆီးငွေတောင်း 
DVB
·
November 12, 2024
သာယာဝတီခရိုင်တွင် စစ်တပ်က နေအိမ်များအထိပါ ပေါ်တာဆွဲ ဖမ်းဆီးငွေတောင်း 
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတိခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့အတွက် ပြည်သူတွေအား ပေါ်တာဆွဲ ဖမ်းဆီးငွေတောင်းတာတွေ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၇ အတွက် နိုဝင်ဘာ လဆန်းပိုင်းက စတင်ကာ နေအိမ်တွေ အထိပါ လာရောက်ဖမ်းဆီးခေါ်ဆောင်နေကြောင်း သာယာဝတီမြို့နယ် လက်ပံတုန်းကျေးရွာနေသူတယောက်က ပြောပါတယ်။

“ရွာလာဖမ်းတာ၊ ညကြီးအိမ်တွေထဲဝင်ပြီးဖမ်းတာ၊ ဖြစ်တာက နိုဝင်ဘာ ၂ ရက်နေ့ညက၊  အဖမ်းခံရတာ ဝေဖြိုး၊ ဇင်မင်းဦး၊ မြတ်ချမ်းသာ အဲ ၃ ယောက်ပါသွားတာ၊ လူငယ်တွေချည်းပဲ။ နောက်နေ့တွေကျ မိသားစုတွေ ပိုက်ဆံနဲ့လိုက်ရွေးရတာ။ တယောက် သိန်း ၅၀ အနည်းဆုံးပေးရတယ်‌၊ ဝေဖြိုးဆိုတဲ့ ကောင်လေးက ပိုက်ဆံမပေးနိုင်တော့ ပြန်မလွတ်သေးဘူး။”

ယခင်စစ်မှုထမ်း အပတ်စဉ်တွေကတည်းက လမ်းမတွေပေါ်မှာသွားလာနေတဲ့ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ရှိပေမဲ့ အပတ်စဉ် ၇ အတွက် နေအိမ်တွေထိပါ လာရောက်ဖမ်းဆီးနေတာလို့ မင်းလှမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတယောက်က ပြောပါတယ်။

“ပေါ်တာဆွဲတဲ့ရက်တွေဆို လူငယ်တွေက မြို့ပေါ်သိပ်မသွားကြတော့ဘူး၊ လူကြီးတွေ အမျိုးသမီးတွေပဲ လွှတ်ကြတာ။ အဲဒီလိုအသွားလာနည်းသွားတော့ ရွာ‌တွေကိုဆင်းဖမ်းတာ၊  အစ်မသိတာတင် ညောင်သုံးပင်၊ ပါတ်တန်းလေး၊ ရှားတောကွင်း၊ ဗိုလ်ရုံကုန်း၊ အုံးနှဲချောင်း အဲဒီရွာတွေက ညက အယောက် ၂၀ လောက်ပါသွားတယ်၊ တချို့က ပိုက်ဆံပေးနိုင်လို့ ပြန်လွတ်တယ်၊ မပေးနိုင်တဲ့သူတွေက တော့မလွတ်ဘူး။” 

မိုးညိုမြို့နယ်မှာလည်း အခုရက်ပိုင်း ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကလည်း စစ်မှုထမ်းလူစားထိုးငှားရမ်းဖို့အတွက်ဆိုပြီး ပြည်သူတွေဆီမှာ ငွေကြေးတောင်းခံနေတယ်လို့ မိုးညိုမြို့နယ်နေ အမျိုးသမီးတယောက်က ပြောပါတယ်။

“မပေးရဘူးဆို တအိမ်တသောင်းခွဲလောက်‌ပေးရတယ်၊ တရွာနဲ့တရွာတော့မတူဘူး၊ တချို့ရွာတွေဆို လေးသောင်းငါးသောင်းထိပေးရတယ်။ အဲဒီလိုပေးနေရလည်း ပေါ်တာဆွဲအဖမ်းခံရတာပဲ၊ လူငှားဖို့ဆိုပြီးသာ ရွာတွေကို ပိုက်ဆံကောက်ခိုင်းနေတာ၊ တကယ်က ငှားတာမဟုတ်ဘူး  လူငယ်တွေပေါ်တာဆွဲပြီး အတင်းစစ်သင်တန်းကျောင်းပို့နေတာ။” 

နိုင်ငံအနှံ့တိုက်ပွဲတွေမှာ စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်‌ကောင်စီက စစ်သားလိုအပ်ချက် အရမ်းမြင့်မားနေတဲ့အတွက်  ပေါ်တာဆွဲတာတွေကို ပိုမိုတွင်ကျယ်စွာလုပ်ဆောင်လာနိုင်ကြောင်း သာယာဝတီပကဖ အဖွဲ့ဝင် ကိုလူအေးက ပြောပါတယ်။

“ဘာမှအပြစ်မရှိတဲ့ အရပ်သားပြည်သူတွေကို လက်နက်အားကိုးပြီးတော့ နိုင်ထက်စီးနင်း အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ဖမ်း‌ဆီးမယ်၊ ဒီလိုလုပ်တာက အင်မတန်မှယုတ်မာလွန်အားကြီးတယ်၊ ဖက်ဆစ်တွေထက်တောင် ဆိုးတယ်၊ အဲဒီလောက် အောက်တန်းကျတဲ့ လုပ်ရပ်တွေကိုစစ်အုပ်စုက လုပ်နေတယ်။ ဒီဟာတွေကိုပြည်သူတွေအနေနဲ့ ငြိမ်ခံမနေပါနဲ့ တွန်းလှန်ကြပါ၊ လူငယ်တွေရှောင်ကြပါ။” 

အုတ်ဖိုမြို့နယ်က ပေါ်တာဆွဲဖမ်းဆီးခံရပြီး တောင်ငူစစ်သင်တန်းကျောင်းကို ပို့ဆောင်ခံရတဲ့ လူငယ် ၅ ဦးလည်း အောက်တိုဘာလအတွင်း ထွက်ပြေးလာတာကြောင့် တော်လှန်ရေးရဲဘော်တွေက ကယ်တင်ကူညီထားပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၂ အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး  ရခိုင်ပြည်နယ်ရှေ့တန်းစစ်မျက်နှာပြင်ကို စေလွှတ်ခဲ့တဲ့ အုတ်ဖိုမြို့နယ်က သုံးဘီးယာဉ်မောင်း အမျိုးသား ၂ ယောက်လည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က လက်နက်နဲ့အတူ အာရက္ခတပ်တော် (AA) ထံ အလင်းဝင်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013