
ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်ရှေ့ပြေးစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ နေရာကို လိုက်ပြတဲ့ တောခေါင်းတယောက်လည်း ပစ်ခတ်ခံခဲ့ရပါတယ်။
စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း ဇာမဏီဘက်က ဆင်းလာတဲ့ အင်အား ၁၅ ယောက်ပါ စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းကို ခါချဉ်တောင် ပတ်ကွေ့ကြီးအဆင်းမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်ကြောင့် စစ်ကောင်စီတပ်သား ၇ ယောက် လဲကျသွားပြီး ကျန်တဲ့ စစ်သားတွေက ပြန်လည်ပစ်ခတ်နေတုန်း နောက်ကလိုက်ပါလာတဲ့ စစ်ကားပေါ်ကနေ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြန်ဆုတ်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲကြောင့် စစ်ကောင်စီအလောင်း ၂ လောင်း ပြည်သူ့ဆေးရုံကို ရောက်လာတာကို သိရပြီး သေဆုံးသူ ဒါထက်များနိုင်တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ တာဝန်ရှိသူက ပြောပါတယ်
ဒါ့အပြင် စစ်ကောင်စီရဲ့ အနီးနားဝန်းကျင်တွေမှာမနေကြဖို့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အပြင် လက်ပါးစေတွေကိုလည်း ထပ်မံတိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေ သတိရှိပြီး သွားလာကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။
အခု တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။
စက်တင်ဘာ ၂၂ ရက် မနက်ကလည်း အုတ်ဖိုမြို့နယ်၊ ထန်းတပင်ကုန်းရွာ ဗျူဟာလမ်းဘေးမှာ တောခေါင်း ဦးအုန်းလှိုင်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပြီး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားအုတ်ဖို ဆီကနေ သိရပါတယ်။
သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပျောက်ကြားတပ်ဖွဲ့ - အုတ်ဖို) က ပစ်ခတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဆိုင်ကယ်၊ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဆက်သွယ်ထားတဲ့ မိုဘိုင်းဖုန်း၊ ငွေကျပ် ၂၅၀,၀၀၀ နဲ့ သူ့အမည်ပါ စာရွက်စာတမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တောခေါင်း ဦးအုန်းလှိုင်ဟာ ပြည်သူ့ဘက် မရပ်တည်ဘဲ စစ်ကောင်စီ ထောက်တိုင်တယောက်ဖြစ်တဲ့အပြင် စစ်ကောင်စီဆီသတင်းပေးပြီး သစ်တောဌာနက CDM ဝန်ထမ်းတွေကို ဖမ်းဆီးခိုင်းတာ၊ ပဲခူးရိုးမပေါ်က သက်နုကျွန်းပင်တွေကို မထိန်းသိမ်း မစောင့်ရှောက်ဘဲ စစ်ကောင်စီနဲ့ ပူးပေါင်း ခုတ်လှဲရောင်းချတာ၊ ရိုးမပေါ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတည်နေရာတွေကို စစ်ကောင်စီဆီ သတင်းပေး လိုက်လံပြသတာ စတာတွေကြောင့် စစ်ရေးပစ်မှတ်အဖြစ် ဆောင်ရွက်ခဲ့ရတာ လို့ အုတ်ဖိုမြို့ပကဖ တာဝန်ရှိသူက ဆိုပါတယ်။











