DVB Logo
Home
မြန်မာသတင်း
မတ္တရာနှင့် သပိတ်ကျင်းတွင် စစ်မှုထမ်းသင်တန်းဆင်းများကို ရှေ့တန်းပို့ 
DVB
·
November 12, 2024
မတ္တရာနှင့် သပိတ်ကျင်းတွင် စစ်မှုထမ်းသင်တန်းဆင်းများကို ရှေ့တန်းပို့ 
Donate to DVB

ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတဲ့ မန္တလေးတိုင်း၊ မတ္တရာနယ်နဲ့ သပိတ်ကျင်းနယ်တွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်ကောင်စီက ရှေ့တန်းကို အင်အားတိုးမြှင့်ပို့နေတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

သပိတ်ကျင်းနယ်ကို အောက်တိုဘာလကုန်ပိုင်းမှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့တာဖြစ်ပြီး မတ္တရာနယ်မှာတော့ နိုဝင်ဘာ ၃ ရက်ကနေ ၅ ရက် အတွင်းမှာ အင်အားတိုးချနေတာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းမှာ စစ်ကောင်စီဘက်က ဆုံးရှုံးမှု များခဲ့ပြီး  တပ်သား မလုံလောက်တော့တာကြောင့် ပျူစောထီးတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေကို လက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းပို့နေတာဖြစ်ပါတယ်။

မတ္တရာPDF ဦးတိုးက "မတ္တရာမြို့ပေါ်ကနေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေတော့ ရှိတာပေါ့။ အရှေ့မြောက်ဘက် လှမ်းပစ်လိုက်၊ အနောက်မြောက်ဘက် လှမ်းပစ်လိုက်၊ အနောက် ဘက် လှမ်းပစ်လိုက်၊ တောင်ဘက် လှမ်းပစ်လိုက်နဲ့ အဲ့လိုဟာပဲ ရှိတယ်။ မြေပြင်ထိတွေ့မှုမရှိဘူး။ ဒါပေမဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေတော့ အင်အားတိုးထားတာ ရှိတယ်။  မတ္တရာကိုလည်း တိုးတယ်၊ သပိတ်ကျင်းကိုလည်း တိုးတယ်။ သပိတ်ကျင်းကို တိုးတာက ဟတ်စကီးနဲ့ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က။ မတ္တရာကို တိုးတာကတော့ လဆန်း ၃ ရက် ၄ ရက် ၅ ရက်ပေါ့။ သပိတ်ကျင်းဘက်ကတော့ ဖုန်းလိုင်းအခက်အခဲကြောင့် သတင်းသိပ်မရဘူး။ သပိတ်ကျင်းဘက်မှာလေကြောင်းတိုက်ခိုက်မှု မရှိဘူး။ မြေပြင်ထိတွေ့မှုကတော့ ကြိုးကြားကြိုးကြား ရှိတယ်။ မန္တလေးပေါ်မှာက အခု ပေါ်တာဆွဲတဲ့ကိစ္စတွေက နည်းနည်းကြမ်းကြမ်းရမ်းရမ်း ဖြစ်နေတယ်။ တချို့ရပ်ကွက်တွေက အိမ်တံခါးပိတ်ထားလို့ ခေါ်လို့ အော်လို့ ရုတ်တရက် တံခါးမဖွင့်ပေးဘူးဆိုရင် သေနတ်တွေ ဘာတွေ ထောင်ဖောက်ပြီးတော့ တံခါးတွေ ကန်ဖွင့်တဲ့ အနေအထားတွေရှိတယ်။ ပြည်ကြီးတံခွန် သမန်းကုန်းဘက်ဖြစ်တာရှိတယ်၊ ပုသိမ်ကြီးဘက် ဖြစ်တာရှိတယ်”လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာလည်း နိုဝင်ဘာ ၉ ရက်ကစပြီး ဒေသခံ CDF တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ချင်း-စစ်ကိုင်းနယ်စပ် ကလေးမြို့၊ အမြောက်တပ်ကနေ ဒုံးတွေနဲ့ ဖလမ်းမြို့ကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်ခြိမ်းခြောက်မှုတွေကြောင့် ကလေးမြို့နယ်မှာ ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ပြည်သူသောင်းနဲ့ချီရှိနေပြီး စစ်ကောင်စီက စစ်မှုထမ်းခိုင်းဖို ပေါ်တာဆွဲတာတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ကလေးသပိတ်ခေါင်းဆောင် ကိုဗိုက်ပူက "ဖလမ်းမှာ ဖြစ်နေတဲ့ တိုက်ပွဲကို ကလေးအမြောက်တပ်ကနေပြီးတော့ Missile နဲ့လှမ်းထုတာပေါ့နော်။ တမြို့လုံး တုန်သွားတယ်။ ဒီဘက်ကနေတောင် ကြားရတယ်။  ၅ ခေါက်လောက်ရှိမှာ အမြောက်တပ်ဝန်းကျင် လူနေရပ်ကွက်မှာလည်း Missile ပစ်တဲ့ ခဲတွေစင်တယ်လို့ ပြောတယ်။ နောက်ပြီး မြို့ပေါ်မှာလည်း ကလေးကစစ်ရှောင်တွေကလည်း သောင်းဂဏန်းလောက်ကို တိုးလာတာ။ ဖလမ်းက မနေ့ကတော့ တော်တော်ပြင်းထန်တဲ့ပုံပဲဗျ။ ၉ ရက်နေ့မှာ ပထမဆုံး ပစ်တာပဲ သူတို့ Missile သုံးတာပေါ့နော်။ မနေ့ကတော့ ၅ ကြိမ် သုံးတယ်။ ပေါ်တာဆွဲတာတွေကတော့ ကျနော်တို့ ခပ်စိပ်စိပ် ကြားနေရတယ်”လို့ ပြောပါတယ်။

၂၀၂၄ ဖေဖော်ဝါရီမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာခဲ့ပြီးနောက် လက်ရှိအချိန်အထိ စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၆ အထိ နိုင်ငံတဝန်း သင်တန်းခေါ်ယူခံရသူ ခန့်မှန်းခြေ ၂၀၀၀၀ ကျော်အထိ ရှိနေတယ်လို မှတ်တမ်းကောက်ယူနေတဲ့ အရပ်ဘက်အဖွဲ့တွေက ဖော်ပြပါတယ်။

စက်တင်ဘာလလယ်ကစပြီး မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်တန့်ခဲ့ပြီး စစ်ကောင်စီတပ်က အင်အားသုံး နယ်မြေထိန်းချုပ်ဖို့ ဆက်တိုက်ကြိုးစားလာတာကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်စပ်တွေမှာ သောင်းနဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013