
ကိုရီးယားရောက် မြန်မာတွေအနေနဲ့ သက်တမ်းကုန်သွားတဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) စာအုပ်တွေကို တရားမဝင် တံဆိပ်တုံးအတုအပနဲ့ သက်တမ်းတိုးနေတာကို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးက နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလမှာလည်း စစ်ကောင်စီက တရားမဝင် ပတ်စ်ပို့စာအုပ် သက်တမ်းတိုးသူတွေကို ကိုရီးယားရဲ့ စစ်ကောင်စီမြန်မာသံရုံးကနေ ပတ်စ်ပို့စာအုပ် ဖျက်သိမ်းတာ၊ နာမည်ပျက် (Blacklist) သွင်းတာတွေ ဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီသံရုံးက ဆိုပါတယ်။
ကိုရီးယားမှာ နေထိုင်အလုပ်လုပ်ကိုင်ပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ မြန်မာတွေအနေနဲ့ တော်လှန်ရေးမှာ ပါဝင်တာကြောင့် စစ်ကောင်စီမြန်မာသံရုံးကနေ Blacklist စာရင်းသွင်းခံရ သူတွေရဲ့ စာအုပ်ကို NUG က သက်တမ်းတိုးပေးနေတာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ Blacklist သွင်းခံထားရတဲ့ ပတ်စ်ပို့တွေ ကိုင်ဆောင်ထားသူတွေဟာ NUG တံဆိပ်တုံးနဲ့ တရားဝင်ကိုရီးယားမှာ ဆက်နေထိုင်ခွင့် ရနေတာကြောင့် စာရင်း ထပ်အသွင်းခံရတာက ထပ်ပြီး နစ်နာစရာ မရှိတော့ဘူးလို့လည်း ပြောဆိုကြပါတယ်။
NUG တံဆိပ်တုံးနဲ့ သက်တမ်းတိုးထားတဲ့ စာအုပ်တွေ ကိုင်ဆောင်ထားသူတွေဟာ တောင်ကိုရီးယားမှာ ဆက်လက်နေထိုင်ခွင့်ရပေမယ့် ပြည်ပထွက်ခွာခွင့်တော့ မရှိဘူးလို့ သိရပါတယ်။