DVB Logo
Home
မြန်မာသတင်း
ထရမ့်ပ်အနိုင်ရလဒ်ကို NUG ဂုဏ်ပြု၊ မြန်မာ့အရေး ပိုကူညီအောင်တိုက်တွန်းမည်
DVB
·
November 9, 2024
ထရမ့်ပ်အနိုင်ရလဒ်ကို NUG ဂုဏ်ပြု၊ မြန်မာ့အရေး ပိုကူညီအောင်တိုက်တွန်းမည်
Donate to DVB

အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ပ်ကို ဂုဏ်ပြုကြိုဆိုပြီး မြန်မာ့အရေးအတွက် ပိုထိရောက်တဲ့အကူအညီတွေပေးသွားဖို့ တိုက်တွန်းဆောင်ရွက်သွားမယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

ဒေသစံတော်ချိန် နိုဝင်ဘာ ၅ ရက်နေ့ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်ကိုယ်စားပြု သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် အနိုင်ရခဲ့သလို လွှတ်တော်အသီးသီးမှာလည်း ရီပါဘလစ်ကန် ကိုယ်စားလှယ် အမတ်လောင်း အများစု အနိုင်ရခဲ့တာပါ။

ဒေါ်နယ်ထရမ့်ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ထရမ့်ပ်ရဲ့အနိုင်ရလဒ်အတွက် ဂုဏ်ပြုကြောင်း သတင်းစကားကို X လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်အစိုးရဆီက အကူအညီတွေရဖို့ လွှတ်တော် အမတ်တွေကနေ တဆင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာ့အရေးဆောင်ရွက်သူတွေက ချဉ်းကပ်ခဲ့ရတာဖြစ်ပြီး ရီပါဘလစ်ကန်နဲ့ ဒီမိုကရက် ၂ ပါတီစလုံးက အမတ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အခုရွေးကောက်ပွဲရလဒ်မှာ အနိုင်ရပါတီအပြောင်းအလဲဖြစ်ခဲ့တာကြောင့် မူဝါဒတချို့ အပြောင်းအလဲ ရှိနိုင်ပေမယ့် နိုင်ငံတကာရေးရာမူဝါဒတွေမှာ ရီပါဘလစ်ကန်နဲ့ဒီမိုကရက်တို့ဟာ ဘုံသဘောတူညီချက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်လေ့ရှိတာကြောင့် ၂ ပါတီစလုံးနဲ့ ဆက်လက် ချိတ်ဆက်ပြီး ပိုထိရောက်တဲ့အကူအညီတွေရနိုင်ဖို့ တိုက်တွန်းဆောင်ရွက်မယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“ကျနော်တို့ ယာယီသမ္မတကြီးကိုယ်တိုင်လည်း X မှာ ကွန်ဂရက်ကျူလေးရှင်းမက်ဆေ့ ရေးတာ တွေ့ပါလိမ့်မယ်။ မြန်မာနိုင်ငံအရေးကိုဆောင်ရွက်တာမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ ပါတီကြီး ၂ ရပ်လုံး ရီပါဘလစ်ကန်ရော ဒီမိုကရက်ရော အရွေးခံ ကိုယ်စားလှယ်တွေ အမတ်တွေနဲ့ ကျနော်တို့ထိတွေ့ပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ ဆက်လက်လည်းဆောင်ရွက်မှာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံအရေးကို ဆက်လက် ဆောင်ရွက်သွားမှာ ရီပါဘလစ်ကန်ရော ဒီမိုကရက်ရော ကိုယ်စားလှယ်တွေနဲ့အားလုံး ထိတွေ့ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးကို အကူအညီပေးတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွား၊ ဒေသမှာရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေအားလုံးရဲ့ အကျိုးစီးပွား အတွက်လည်း အကျိုးဖြစ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်စဲဖို့အတွက် ပိုမိုပြီးတော့ ထိရောက်တဲ့အကူအညီတွေ ပေးသွားဖို့အတွက်ကို တိုက်တွန်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်”

၂၀၂၄ အမေရိကန်ရွေးကောက်ပွဲအလွန် လွှတ်တော်နဲ့အစိုးရအဖွဲ့တွေထဲက ရာထူးနေရာ အခင်းအကျင်း အပြောင်းအလဲမှာ လိုက်လျောညီထွေပြန်ပြီး ချဉ်းကပ်နိုင်အောင် မြန်မာ့အရေးဆောင်ရွက်သူတွေက လေ့လာနေကြတယ်လို့ ဆိုပါတယ်။

ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း မဲဆန္ဒနယ်မြေတွေက လွှတ်တော်အမတ်တွေကို မြန်မာ့အရေးရှင်းပြပြီး တဆင့်ချင်းပြန်လည်စည်းရုံးရေးဆင်းရမှာဖြစ်တယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတယောက်က ပြောပါတယ်။

Los Angeles Myanmar Movement က ကိုဂျိမ်းစ်ရွှေက “အထူးသဖြင့် အောက်လွှတ်တော်က လူတွေပေါ့လေ မြန်မာပြည်အကြောင်းသိပ်မသိကြဘူးဗျ။ ရိုဟင်ဂျာအရေးစဖြစ်ကတည်းက ရိုဟင်ဂျာအရေးဆောင်ရွက်တဲ့သူတွေကပဲ လှုပ်ရှားပြီးတော့ လွှတ်တော်နဲ့ဆက်သွယ်နေတာလေ။ ကျနော်တို့မြန်မာတွေက ဆက်သွယ်မှုအားနည်းခဲ့တယ်ဗျာ။ လွှတ်တော်အမတ်တွေသိတာက မြန်မာအရေးဆိုရင် ရိုဟင်ဂျာအရေးနဲ့ဆက်နွှယ်ပြီးတော့ပဲ သိတယ်ဗျာ။ အဲဒီတော့ အခုမြန်မာပြည်မှာ ဒီလိုဖြစ်နေပါတယ်ဆိုတာ သိအောင်လို့ ကျနော်ဆောင်းပါးတခု ရေးထားတယ်ဗျာ၊ မြန်မာပြည်အတွက် ကွန်ဂရက်က ဘာသိသင့်လဲဆိုတာ။ ဖြန့်ဝေထားတဲ့ဒီဆောင်းပါးကို ကွန်ဂရက်ကလူတွေဆီကို သူတို့ရဲ့မဲဆန္ဒနယ်မြေကလူတွေကို ပို့ခိုင်းမလို့လေ။ အခု သူတို့လက်ကျန်လုပ်ငန်းတွေကို ကွန်ဂရက်က ရှင်း၊ အရွေးခံရတဲ့လူတွေကျမ်းကျိန်မှာက ဇန်နဝါရီဆိုတော့ အဲ့ဒီဇန်နဝါရီနောက်ပိုင်းမှာ ကျနော်တို့ အဲဒါကိုပို့ပြီးတော့ ပထမဆုံး မြန်မာပြည်မှာ ပြည်တွင်းစစ်တွေဖြစ်နေပါတယ်။ ဘယ်အကြောင်း ကြောင့်ပါ။ အဲဒါမျိုးကနေစပြီးတော့ သူတို့ကိုရှင်းပြပြီးတော့ ကျနော်တို့ကို ကူညီနိုင်တဲ့ အခြေအနေ ရောက်အောင်လို့လေ” လို့ ပြောပါတယ်။

လက်ရှိရွေးကောက်ပွဲအနိုင်ရထားသူတွေဟာ ၂၀၂၅ ဇန်နဝါရီလမှာ ကျမ်းကျိန်ပြီး တာဝန်လွှဲပြောင်း ရယူမှာဖြစ်တဲ့အတွက် အဲ့ဒီနောက်ပိုင်းအချိန်အထိပြန်စောင့်ရဖို့ရှိတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအနိုင်ရထားတဲ့ ဒေါ်နယ်ထရမ့်ပ်ရဲ့ မဲဆွယ်ပွဲတွေမှာပြောဆိုချက်တွေအရ သူရဲ့ မူဝါဒတွေဟာ လတ်တလောမတည်မငြိမ်ဖြစ်နေတဲ့ ပြည်တွင်းစီးပွားရေးအပေါ် အဓိက ဦးတည်နေတာပါ။

အမေရိကန်ပြည်တွင်းမှာ ကုန်ဈေးနှုန်းအဆမတန်တက်နေတာ၊ ငွေကြေးဖောင်းပွပြီး ဈေးနှုန်း မတည်မငြိမ်ဖြစ်နေတာ၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အဆမတန်များလာတာ၊ အကျင့်ပျက်ခြစားမှုနှုန်း မြင့်လာတာ စတဲ့အချက်တွေကို ဦးစားပေးဆောင်ရွက်ဖို့ သူက ဦးစားပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ နိုင်ငံတကာရေးရာမူဝါဒတွေနဲ့ပတ်သက်လို့တော့ လေ့လာသူတွေကြားမှာ အမြင်သဘောထား အမျိုးမျိုးကွဲနေပြီး ဘယ်လိုကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013