DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း မိုး ၂ ရက် ရွာဦးမည်ဟု မိုးဇလခန့်မှန်း
DVB
·
November 9, 2024
နိုင်ငံတဝန်း မိုး ၂ ရက် ရွာဦးမည်ဟု မိုးဇလခန့်မှန်း
Donate to DVB

တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ရင်ရှင်း (YINXING) ဟာ အနောက်ဘက်ကို ရွေ့လျားနိုင်ပြီး ဒီကနေ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ နောက် ၂ ရက်အထိ နိုင်ငံတဝန်း မိုးရွာနိုင်တယ်လို့ စစ်ကောင်စီဩဇာခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်တို့မှာ နေရာကျဲကျဲ၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးရွာသွန်းပြီး ဧရာဝတီတိုင်းမှာတော့ နေရာကွက်မိုးကြီးမယ်လို့ မိုးဇလက ဆိုပါတယ်။

နောက်ထပ် ၂ ရက်အထိ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာလည်း နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေထုမငြိမ်သက်မှုတွေကြောင့် နိုဝင်ဘာ ၇ ရက်နေ့ကစပြီး နိုင်ငံတဝန်း မိုးရွာသွန်းနေတာဖြစ်ပါတယ်။

မိုးလေဝသပညာရှင်တယောက်ဖြစ်သူ ဦးဝင်းနိုင်ကလည်း နိုဝင်ဘာ ၈ ရက် မနက် ၁ နာရီကနေ ၉ ရက်နေ့ မနက် ၁ နာရီအထိ ၂၄ နာရီအတွင်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ မိုးများနိုင်ပြီး အထူးသဖြင့် ငပုတော၊ ကျုံမငေး၊ ဝါးခယ်မ၊ ဘိုကလေး၊ လပွတ္တာခရိုင်တို့မှာ ၂၄ နာရီအတွင်းရွာနိုင်မဲ့ မိုးရေချိန်ဟာ ၂၄၃ ဒသမ ၄ မီလီမီတာ (၉ ဒသမ ၅၈ လက်မ)အထိရှိနိုင်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီကနေ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ ၂၄ နာရီအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတွေအပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရွာတာ မရှိသလောက်ဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ နေပြန်ပွင့်ပြီး ရာသီဥတု ပြန်လည်သာယာနိုင်မယ်လို့ သူက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013