DVB Logo
Home
မြန်မာသတင်း
မိုးမောက်နှင့်မံစီက ART ဆေးသောက်နေရသည့်စစ်ရှောင်များ ဆေးရရန်ခက်ခဲ
DVB
·
November 9, 2024
မိုးမောက်နှင့်မံစီက ART ဆေးသောက်နေရသည့်စစ်ရှောင်များ ဆေးရရန်ခက်ခဲ
Donate to DVB

ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မိုးမောက်မြို့နဲ့ မံစီမြို့နယ်က HIV ပိုးထိန်းဆေး(ART) သောက်သုံးနေရတဲ့ပြည်သူတွေ ဆေးရရှိဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးမောက်မြို့နဲ့ မံစီမြို့က ပြည်သူအများစုဟာ နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေကြတာဖြစ်ပြီး ဆေးထုတ်ယူရရှိဖို့အတွက် ဗန်းမော်မြို့က ပြည်သူ့ဆေးရုံမှာ သွားရောက်ထုတ်ယူရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကချင်ပြည်နယ်ထဲမှာ ဓာတ်ဆီစျေးနဲ့ အခြေခံကုန်စျေးနှုန်းတွေမြင့်မားနေတာကြောင့်  ဗန်းမော်မြို့ပေါ်ကို ဆေးသွားရောက်ထုတ်ယူဖို့ အခက်ခဲဖြစ်နေတယ်လို့ မံစီမြို့က ART ဆေးသောက်သုံးနေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

“စပြေးကတည်းက ဗန်းမော်ကိုမပြေးဘူးဆိုတော့ ဆေးရဖို့ဗန်းမော်ကို လတိုင်းသွားရတယ်။ လမ်းပိတ်တော့ စက်လှေရောစီး ဆိုင်ကယ်ရောစီးပြီးသွားရတာ။ ဓာတ်ဆီစျေးကလည်း ၁ လီတာ ၁ သောင်းလောက်ဆိုတော့ အသွားအပြန်နဲ့ဆို ၃၀,၀၀၀ လောက်၊ စက်လှေဖိုးရောအပါဆို တခေါက်ဆေးသွားထုတ်ဖို့ ၃၊ ၄၊ ၅ သောင်းကုန်တယ်။ အဲမှာ ဆရာမတွေက ၂ လစာ ဆေးယူထားချင်တယ်ဆိုရင် အလှူငွေဆိုပြီး တသောင်း၊ ၅,၀၀၀ ဆရာမတွေကို ပေးရသေးတယ်။ ပိုက်ဆံမရှိလို နောက်ကျပြီးမှ ဆေးသွားထုတ်ရတဲ့သူတွေလည်းရှိတယ်။ တောင်ပေါ်ဘက် ပြေးတဲ့သူဆို ဆေးတောင်မရဘူးကြားတယ်” လို့ပြောပါတယ်။

ဗန်းမော်မြို့ပတ်ဝန်းကျင်က တိုက်ပွဲတွေကြောင့် ဗန်းမော်မြို့ကို ဝင်ရောက်ဖို့ကားလမ်းတွေလည်း ပိတ်နေပြီး ဆေးရရှိဖို့ ရေလမ်းကြောင်းအပြင် ကုန်းလမ်းကြောင်းတွေကိုလည်း အသုံးပြုနေရတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲမဖြစ်ခင်က မိုးမောက်နဲ့ မံစီ မြို့နယ်ဆေးရုံတွေက ၃ လစာ၊ ၆ လစာ အတွက် ဆေးထုတ်ပေးလေ့ရှိပေမဲ့ လက်ရှိအချိန်မှာတော့ ဗန်းမော်ပြည်သူ့ဆေးရုံမှာ ၁ လစာ အတွက်ပဲ ထုတ်ပေးတာကြောင့် ဝင်ငွေမရှိတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ငွေကြေးအခက်အခဲ ဖြစ်နေတယ်လို့ မိုးမောက်မြို့ ဒေသခံတယောက်က ပြောပါတယ်။

“အရင်ကတော့ ၃ လတကြိမ်၊ ၆ လတကြိမ် ထုတ်တယ်။ အခု တိုက်ပွဲဖြစ်တော့ မိုးမောက်ဆေးခန်းလည်း မရှိတော့ဘူး။ ဗန်းမော်ကို သွားထုတ်ရတယ်။ လတိုင်းပဲ ကျနော်တို့က တောထဲမှာရှောင်နေတာဆိုတော့ မိုင်ဂျာယန်ဘက်ကို သွားထုတ်ဖို့လည်းခက်တယ်။ အဲဒါနဲ့ ဗန်းမော်ကိုပဲ သွားထုတ်ရတယ်။ ဗန်းမော်သွားဖို့ကလည်း ကုန်းလမ်းရော ရေလမ်းရော သွားရတယ်။ အဲလိုဆိုတော့ ပိုက်ဆံအရမ်းကုန်တယ်။ အလုပ်က ရှာမရဆိုတော့” လို့ပြောပါတယ်။

ART ဆေးဟာ HIV ပိုး ကူးစက်ခံရတဲ့သူတွေ ပိုးထိန်းဖို့အတွက် နေ့စဉ်မပျက်မကွက်သောက်ရတဲ့ ဆေးဖြစ်ပြီး ART ဆေးတွေကို မြို့နယ် ပြည်သူ့ဆေးရုံတွေနဲ့ NGO တွေကဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေမှာ အခမဲ့ရရှိတာဖြစ်ပါတယ်။

မိုးမောက်မြို့နဲ့ မံစီမြို့က ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် မေလကတည်းက နီးစပ်ရာ ကျေးရွာတွေမှာ တိမ်းရှောင်နေကြရတာဖြစ်ပြီး အများစုက ကချင်လွတ်မြောက်ရေးတပ်မတော် သိမ်းပိုက်ထားတဲ့ကျေးရွာတွေမှာ တိမ်းရှောင်ကြသလို ဗန်းမော်မြို့ပေါ်က ဆွေးမျိုးအိမ်တွေနဲ့ ဘာသာရေးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013