DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ပန်းရောင်ကတ် လုပ်ငန်းစဉ် မစတင်သေးသဖြင့် အလုပ်သမားများ အခက်ကြုံ
DVB
·
November 8, 2024
ထိုင်းတွင် ပန်းရောင်ကတ် လုပ်ငန်းစဉ် မစတင်သေးသဖြင့် အလုပ်သမားများ အခက်ကြုံ
Donate to DVB

ထိုင်းမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ် လုပ်ငန်းစဉ် ရက်အတိအကျ မကြေညာသေးတာကြောင့် အလုပ်သမားတွေနေထိုင် အလုပ်လုပ်ကိုင်ခွင့်နဲ့ ကျန်းမာရေး ကိစ္စတွေမှာ ခက်ခဲနေပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် စတဲ့ ၄ နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအတွက် ထိုင်းအစိုးရက နှစ်စဉ် ပြုလုပ်ပေးတဲ့ တရားဝင် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းဆိုင်ရာ ကြေညာချက်မူကြမ်း ထုတ်ပြန်ဖို့ ထိုင်းအစိုးရအဖွဲ့က ၂၀၂၄ စက်တင်ဘာလအတွင်းက အတည်ပြုခဲ့ပါတယ်။

အလုပ်သမားတွေအတွက် ပန်းရောင်ကတ် (ဘတ်) အသစ် ပြုလုပ်ပေးမယ့်ရက်ကို ထိုင်းအစိုးရက အတိအကျ ကြေညာတာ မရှိသေးသလို လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း မထုတ်ပြန်သေးပါဘူး။

ထိုင်းနိုင်ငံမှာ အထောက်အထား မရှိရင် အလုပ်သမားတွေ နေထိုင် အလုပ်လုပ်ခွင့်နဲ့ ကျန်းမာရေးကိစ္စကအစ အခက်အခဲတွေ ရှိတယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတယောက်က ပြောပါတယ်။

“ကျန်းမာရေးဖြစ်တဲ့အခါဆိုလည်း ကျနော်တို့ မြန်မာပြည်သားတွေက တော်တော် မျက်နှာငယ်ရတယ်။ ဆေးရုံ ဆေးခန်းကအစ လုံးလုံးလျားလျား မရှိရင် အလုပ်တွေ ရှာရခက်တဲ့အခါကျတော့ သူတို့ ဘတ်လုပ်ပေးတဲ့ အချိန်ကိုပဲ မြန်မာပြည်သားတွေ မျှော်နေကြတာပေါ့။ ဘတ် မရှိတော့ အလုပ်လုပ်ချင်တိုင်းလည်း လုပ်လို့ မရဘူး။ နောက်ပိုင်းကို ထောက်ပံ့ချင်တယ်ဆိုရင်လည်းပဲ ထောက်ပံ့လို့မရ၊ ဒီမှာနေမယ်ဆိုလည်း နေချင်တိုင်း နေလို့မရ၊ ပုန်းကွယ် တိမ်းရှောင်ပြီး နေနေရတာပေါ့။ သူတို့ကတော့ သူတို့ နိုင်ငံ ဝင်လာရင် ဘာမှ အထောက်အထားမရှိရင် ဖမ်းဆီးမယ်ဆိုတာ အရန်သင့်ပဲ။ ကျနော်တို့ကတော့ လောလောဆယ် ဘတ်လေး ရိုက်ပေးဖို့ပါပဲ။ ၁၀ နှစ်ခံကတ်တွေ ဘာတွေက အသာထားပေါ့။ ဘတ်လေး မြန်မြန်ရိုက်ပါစေပဲ ဆုတောင်းနေရတာပေါ့။”

၂၀၂၄ ဖေဖော်ဝါရီမှာ မြန်မာစစ်ခေါင်းဆောင်က အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ထိုင်းနိုင်ငံကို တရားဝင်ရော၊ တရားမဝင်မှာ ရွှေ့ပြောင်းလာသူတွေ အမြောက်အမြား ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၄ လအတွင်း ထိုင်းနိုင်ငံမှာ ရက် ၁၂၀ စီမံချက်အရ အထောက်အထားမစုံတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ၂ သိန်းနီးပါး စစ်ဆေးခံခဲ့ရပြီး၊ အဲဒီထဲက အယောက် ၂၀၀၀ ကျော် အရေးယူခံခဲ့ရပါတယ်။

ထိုင်းအစိုးရ ပြုလုပ်ပေးမယ့် ပန်းရောင်ကတ် အစီအစဉ်ကို အထောက်အထားမဲ့ အလုပ်သမားတွေ မျှော်လင့်နေကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

Labour Rights Foundation ပြောခွင့်ရ  ဦးအောင်ကျော်က “ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်၊ လွတ်လပ်တဲ့ သွားလာခွင့်လက်မှတ်တွေ ထုတ်ပေးဖို့ကလည်း အရမ်းလိုအပ်တဲ့ အနေအထားမှာ ရှိပါတယ်။ အဲ့တော့ လက်ရှိ အဲဒီအမိန့်ကို စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား မြောက်မြားစွာ ရှိနေတယ်။ ဒါပေမဲ့ ဒီသတင်းကို စက်တင်ဘာလ ၂၄ ရက်လောက်ကတည်းက ထိုင်းအစိုးရက နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် လက်မှတ်တွေ လုပ်ပေးမယ်ပြောပြီး အခုချိန်ထိ အမိန့်တစုံတရာ မထွက်ပေါ်သေးတဲ့အတွက်ကြောင့် အခုချိန်မှာလည်း အဖမ်းဆီးတွေ အရမ်းများနေတဲ့အတွက် ကျနော်တို့က အလုပ်သမားတွေအားလုံး မြန်မာနိုင်ငံဖွား တိုင်းရင်းသားနွယ်ဖွားတွေ အားလုံးနောက်ထပ်တစုံတရာ အမိန့် မထွက်ပေါ်မချင်း လုံလုံခြုံခြုံနဲ့ နေထိုင်ကြဖို့ပဲ သတိပေးချင်ပါတယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ နှစ်ရှည်ကြာ နေထိုင်နေတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေ၊ ထိုင်းတောင်ပေါ်သားတွေနဲ့  နိုင်ငံမဲ့ ကလေးငယ်တွေ စုစုပေါင်း ၅ သိန်းနီးပါးလောက်ကိုလည်း ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမယ့် အကြောင်း ထိုင်းအစိုးရက အောက်တိုဘာလကုန်ပိုင်းကလည်း ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါပေမဲ့ အဲဒီအချက်က မြန်မာရွှေ့ပြောင်းလုပ်သားတွေ မျှော်လင့်နိုင်တဲ့ အနေအထား မဟုတ်ဘူးလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “ထိုင်းအစိုးရက တကယ်တမ်း ဖြည့်တင်းပေးရမယ့် ပန်းရောင်ကတ် (ဘတ်) အသစ်အတွက် လုပ်ထုံးလုပ်နည်း လုပ်ငန်းအဆင့်ဆင့်ကို မထုတ်ပြန်သေးဘူး။ အောက်တိုဘာထဲမှာလည်း ဘတ် ၄၀၀ လုပ်အားခ ပေးမယ်ဆိုတာ မထုတ်ပြန်သေးတဲ့ကြားမှာ အခု နှစ်ရှည်ကြာ မြန်မာတွေအတွက် ၄ သိန်း ၈ သောင်းလောက် ထိုင်းနိုင်ငံသားဖြစ်ခွင့် ပေးမယ်ဆိုတာ တကယ်တော့ ယုံတမ်းစကား ဖြစ်ရာကျပါတယ်။ ပြီးတော့လည်း ရွှေ့ပြောင်းလုပ်သားတွေ သိပ်များများစားစား မျှော်လင့်လို့ မရတဲ့ အနေအထားမှာ ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရ ဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ တစုံတရာ အကျပ်အတည်းပေါ်တိုင်း၊ ထွက်ပေါက်မရှိတဲ့အခါတိုင်း မြေနိမ့်ရာ လှံစိုက် သဘောမျိုးနဲ့ အဲဒီ တတိယအင်အားစု မွေးထားတဲ့ ထိုင်းနိုင်ငံသားအသစ်တွေကို အသုံးချပြီး နိုင်ငံရေး လှည့်ကွက် မာယာအနေနဲ့ အသုံးပြုမှာကို စိုးရိမ်မိပါတယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရှိ ဘန်ကောက် မြန်မာသံရုံးဘက်ကတော့ စစ်ကောင်စီခန့် မြန်မာသံအမတ် ဦးချစ်ဆွေနဲ့ တာဝန်ရှိသူတွေဟာ ထိုင်းအလုပ်အကိုင်ဦးစီးဌာန (DOE) မှ တာဝန်ရှိသူတွေနဲ့ နိုဝင်ဘာ ၅ ရက်က တွေ့ဆုံကာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ တွေ့ဆုံမှုအရ ထိုင်းနိုင်ငံမှာ ယာယီ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်ထိ ရရှိထားတဲ့ CI ဒါမှမဟုတ် ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေအတွက် သက်တမ်းတိုးခွင့် ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း ဘန်ကောက် မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ် (ဘတ်) အသစ်ပြုလုပ်ဖို့ မျှော်လင့်နေတဲ့ မြန်မာလုပ်သားအရေအတွက်က ၇ သိန်း နီးပါးလောက် ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်းပါတယ်။

 ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013