
စစ်ကိုင်းမြို့က စစ်ကိုင်းဟိုတယ်မှာ အမျိုးသမီးတယောက်နဲ့အတူ ဖမ်းမိခဲ့တဲ့ ဘုန်းကြီးတပါးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ နိုဝင်ဘာ ၅ ရက်မှာ အမှုဖွင့်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူ တယောက်က ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်ညက သတင်းအရ စစ်ကိုင်းဟိုတယ်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ အခန်းနံပါတ် ၀၀၁ မှာ ဘုန်းကြီး ဦးဇာဂရကို အမျိုးသမီးတယောက်နဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ဘုန်းကြီးဟာ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ ဗုဒ္ဓရက္ခိတကျောင်းတိုက်မှ ဝါတော် ၁၆ ဝါရှိ ဦးဇာဂ ရဖြစ်ပါတယ်။
ဒေသခံတယောက်က “စစ်ကိုင်းဟိုတယ်မှာ ဘုန်းကြီးနဲ့ အမျိုးသမီး အခန်းထဲမှာ ဖမ်းမိတဲ့ သတင်းက ပျံ့နေတာ သတင်းကြားတာတော့ ပြည်သူ့စစ်တွေ ကိုးကွယ်တဲ့ ဘုန်းကြီးလို့ ပြောတယ်။ အရင်က စစ်ကိုင်းတပ်ထောက်ခံပွဲတွေမှာ ပါတဲ့ဘုန်းကြီး ဦးဝါသဝနဲ့ရော ပြည်သူ့စစ်တွေနဲ့ရော ရင်းနှီးတယ်။ ဖုန်းထဲမှာ sex chat ထားတာတွေလည်း တွေ့တော့ သာသနာညှိုးနွမ်းနဲ့ အမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။
လတ်တလော ဆရာတော်ဦးဇာဂရကို လူဝတ်လဲပြီး စစ်ကိုင်းမြို့မရဲစခန်းက ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။










