DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ကနဖော့ပင် ဆေးဖက်ဝင်
DVB
·
November 6, 2024
နွေဦးပြည်သူတို့အတွက် ကနဖော့ပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကနဖော့ပင်ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ကနဖော့ပင်ကို သိပ္ပံလို Enydra fluctuans လို့ခေါ်ပြီး အင်္ဂလိပ်လို Buffalo spinach, Enydra fluctuans  လို့ ခေါ်ကြပါတယ်။

ကနဖော့ပင်မှာ ဘိုဟိုက်ဒရိတ်၊ ဗီတာမင် K၊ ဗီတာမင် A၊ ဖောလိတ်၊ မန်းဂနိစ်၊ ဗီတာမင် C၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဗီတာမင် E၊ ကြေးနီ၊ ပိုတက်စီယမ်နဲ့ ဗီတာမင် B6၊ ကယ်လ်စီယမ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ Flavonoid, alkaloid, saponin, tannin, phenol, sesquiterpene lactones, phytosterols, folic acid, riboflavin, niacin, thiamine, Amino acid, Fatty acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး အစာအိမ် ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အရိုးတွေကို ကျန်းမာစေခြင်း၊ အိပ်ပျော်စေခြင်း၊ သွေးပေါင်ချိန်ကို ထိန်းပေးခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း၊ အာရုံကြောကို အားကောင်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ဆီးရွှင်စေခြင်း စတဲ့အစွမ်းအာနိသင်များ ပါဝင်ပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ကနဖော့ပင်ရဲ့ အရွက်၊ ပင်စည်၊ အမြစ်နဲ့ တပင်လုံးကို သုံးစွဲကြပါတယ်။

ကနဖော့ပင်မှာ ခန္ဓာကိုယ်က အရေပြားပြဿနာဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဓာတုပစ္စည်း အများအပြား ပါဝင်တဲ့အပြင် အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် ကနဖော့ရွက်ကို အစားအစာတွေမှာ ထည့်သွင်း စားသောက်တာက ဝက်ခြံနဲ့ အရည်ကြည်ဖုများကဲ့သို့ အရေပြားပြဿနာများကို သက်သာစေပြီး အသားအရေကို ကြည်လင်စေပါတယ်။

ကနဖော့ရွက်ဟင်းချိုကို စားသုံးပေးတာက အစာအိမ်ရောင်တာ၊ နှလုံးရောင်တာနဲ့ ရင်ပူတာတွေ လျော့ပါးစေပြီး အသည်းနဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။

ကနဖော့ရွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်များက စိတ်ဖိစီးမှုဟော်မုန်း ထွက်ရှိမှုကို လျှော့ချပေးပြီး ကြွက်သားများကို ပြေလျော့စေကာ သဘာဝအိပ်ဆေးအာနိသင် ရှိတာကြောင့် ကနဖော့ရွက် စားသောက်ခြင်းက ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ကူညီပေးပါတယ်။

ကနဖော့ရွက်မှာ ပါဝင်တဲ့ ဓာတ်ပေါင်းများက အာရုံကြောလုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပြီး အထွေထွေကျန်းမာရေးကို မြှင့်တင်ပေးတာကြောင့်  ကနဖော့ရွက်အမှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ ညစဉ် အိပ်ရာမဝင်မီ သောက်သုံးပေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါနဲ့ အာရုံကြောဆိုင်ရာ ပြဿနာများကို ဟန့်တားပေးပါတယ်။

ကနဖော့ရွက်ဟာ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပြီး ဆာလောင်မှုကို တိုးစေတဲ့ မရှိမဖြစ် အာဟာရဓာတ်များ ကြွယ်ဝတာကြောင့် အစားအသောက်ပျက်နေသူများ အစားအစာထဲမှာ ကနဖော့ရွက်ကို ထည့်ပြီး စားသုံးပေးခြင်းက အစာစားလိုစိတ်ကို တိုးတက်စေပါတယ်။

သွေးဖိအားနည်းခြင်းအတွက် ပျားရည်နဲ့ ကနဖော့ရွက် သတ္တုရည်တို့ကို ဆတူရောစပ်ပြီး တခါသောက် ကော်ဖီဇွန်း ၂ ဇွန်းကို နံနက်တိုင်း သောက်သုံးခြင်းဖြင့် ကျန်းမာတဲ့ သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ကနဖော့ရွက်ဟာ ပရိုတင်း၊ သံဓာတ်၊ ကယ်လ်စီယမ်နဲ့ ဗီတာမင် C အာဟာရဓာတ်တွေ ပြည့်ဝပြီး ကယ်လိုရီ နည်းပါးတဲ့အပြင် အမျှင်ဓာတ်များက အချိန်ကြာကြာ ပြည့်ဝနေစေကာ မကြာခဏ စားသောက်လိုခြင်းကို တားဆီးပေးတာကြောင့် ကနဖော့ရွက်ကို စားသောက်ပေးခြင်းက ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အထောက်အကူပြုပြီး အဝလွန်ခြင်းကို ဟန့်တားပေးပါတယ်။

ကနဖော့ရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ကနဖော့ရွက်ကို ပုံမှန်စားပေးတာက ဝမ်းချုပ်ခြင်းကို တားဆီးပေးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေကာ အူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်းဖြင့် ခန္ဓာကိုယ်မှ ရောဂါပိုးများနဲ့ ရောဂါများကို တိုက်ထုတ်ရာမှာ ကူညီပေးနိုင်တာကြောင့် ကနဖော့ကို နေ့စဉ် စားသောက်ပေးတာက ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ ကူညီပေးတဲ့ ဓာတုပစ္စည်းများ ပါဝင်တာကြောင့် ဆီးချိုရောဂါရှိသူများနဲ့ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေရှိသူများ ကနဖော့ရွက်ကို စားသောက်ပေးခြင်းဖြင့် အကျိုးရှိစေပါတယ်။

ကယ်လ်စီယမ်နဲ့ ဗီတာမင် K များစွာပါဝင်တာကြောင့် ကနဖော့ရွက်ကို စားသောက်ပေးခြင်းက အရိုးများကို ကျန်းမာသန်စွမ်းစေပြီး အရိုးပွရောဂါကို ဟန့်တားပေးပါတယ်။

ကနဖော့ရွက်မှာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ ဓာတ်ပေါင်းများ ပါဝင်တာကြောင့် ကနဖော့ရွက် စားသောက်ခြင်းက  နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါနဲ့ အခြားသော နာတာရှည်ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

အရေပြားယားယံခြင်းအတွက် ကနဖော့ရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့်  သက်သာစေပါတယ်။

ဆီးပူညောင်းကျရောဂါအတွက် အရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို နွားနို့/ဆိတ်နို့နဲ့ တနေ့ ၁-၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ကနဖော့ ရေနွေးကြမ်း သောက်သုံးပေးခြင်းက လည်ချောင်းနာခြင်း၊ အာရုံကြောရောဂါများ၊ ဝမ်းချုပ်ခြင်း၊ အရေပြားပြဿနာများ၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ပန်းနာရင်ကျပ်ရောဂါနဲ့ လက်/ခြေ ရောင်ရမ်းခြင်းများကို သက်သာစေပြီး ကိုယ်ခံအားကိုလည်း တိုးတက်စေပါတယ်။

ကနဖော့ကို ပုံမှန်စားသုံးခြင်းက သွေးထဲမှာ သွေးနီဥ (ဟေမိုဂလိုဘင်) ပမာဏကို တိုးစေနိုင်ပါတယ်။

မှက္ခရုနာများနဲ့ ခံတွင်းနာများမှာ ကနဖော့ရွက် ရေနွေးကြမ်းကို တနေ့ ၂-၃ ကြိမ် တပတ်ခန့် သောက်သုံးပေးနိုင်ပါတယ်။

ဆောင်းဦးနဲ့ မိုးရာသီ‌တွေမှာ ယားယံခြင်း ခံစားရပါက အပင်သတ္တုရည် ကော်ဖီဇွန်း ၂ ဇွန်းကို နို့စိမ်းနဲ့ စားသုံးပေးခြင်းက  ယားယံတာကို သက်သာစေနိုင်ပါတယ်။

ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း၊ ကြွက်တက်ခြင်း သို့မဟုတ် အခြားအာရုံကြောပြဿနာများ ခံစားရပါက ဟင်းစားဇွန်း ၁ ဇွန်းကို နေ့စဉ် ပုံမှန်သောက်သုံးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းအတွက် အရွက်သတ္တုရည်ကို နဖူးပေါ် လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ခန္ဓာကိုယ် အဖု/အကျိတ်တွေအတွက် စန္ဒကူးမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ ကနဖာ့ရွက်ဖျော်ရည် ခွက်တဝက်တို့ကို ရောစပ်ပြီး တနေ့ ၂ ကြိမ် စားသုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ကျောက်ကပ် ကျောက်တည်ခြင်းအတွက် ကနဖော့ရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးနိုင်ပါတယ်။

အရွက်/ပင်စည် သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို သကြားအနည်းငယ်ရောစပ်ပြီး အစာအိမ်ထဲ အစာမရှိချိန် တနေ့ ၁ ကြိမ် သောက်သုံးပေးတာက သွေးကို သန့်စင်စေပါတယ်။

အသည်းရောဂါများမှာ အရွက်နဲ့ ပင်စည် ပြုတ်ရည် ၁ ဖန်ခွက်ကို ဆားကော်ဖီဇွန်းဝက်၊ မုန်ညင်းဆီ ၄-၅ စက်ထည့်ပြီး တခါသောက် ဟင်းစားဇွန်း ၂ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းလျှောခြင်းအတွက် အပင်ပြုတ်ရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို ဆနွင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကနဖော့ရွက်ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းက ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ ကနဖော့ရွက်မှာ ဗီတာမင် K ပါဝင်လို့ သွေးခဲခြင်းကို ကူညီပေးတာကြောင့် သွေးကျဲဆေး သောက်သုံးသူများ ကနဖော့ရွက်ကို စားသုံးခြင်း မပြုသင့်ပါ။ ကနဖော့ရွက်နဲ့ ဓာတ်မတည့်သူများလည်း ကနဖော့ပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ကနဖော့ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013