DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်၌ မိုးသည်းထန် မြေပြိုပြီး  ရိုဟင်ဂျာ ၈ ဦးနှင့် ဒေသခံ ၁ ဦးသေဆုံး
DVB
·
July 6, 2026
Photo: UNHCR Bangladesh
Photo: UNHCR Bangladesh
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇူလိုင် ၆ ရက် မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျလို့ ကော့ဇ်ဘဇားမြို့နယ်နဲ့ အူးခီယားမြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၈ ယောက်နဲ့ ဒေသခံတယောက် သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

အူခီးယားမြို့နယ်ရှိ ရိုင်ဟင်ဂျာ ဒုက္ခသည်စခန်းမှာ မြေပြိုကျလို့ ကလေးငယ် ၅ ယောက် အပါဝင် ရိုဟင်ဂျာ ၈ ယောက် သေဆုံးခဲ့တာဖြစ်ပြီး နောက်တယောက်ကတော့ ကော့ဘဇားမြို့နယ်ကလို့ ဒေသအာဏာပိုင်တွေက အတည်ပြုပါတယ်။

အူခီးယားမြို့နယ် အုပ်ချုပ်ရေးမှူး ပန်နာအက်ခ်တာက မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ တောင်ကျရေတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် မြေပြိုကျပြီး ဒုက္ခသည်တွေ သေဆုံးမှုကို ဒေသတွင်း မီဒီယာတွေကို ပြောပါတယ်။

ဒါအပြင် အူခီယားမီးသတ်ဌာနက အရာရှိဖြစ်သူ ဒေါ်လာ ထရီပူရာကလည်း အူခီယားမြို့နယ်အတွင်းရှိ အမှတ် ၁၁ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ  ဒီမနက် ၃ နာရီလောက်က မြေပြိုပြီး ရိုဟင်ဂျာ ကလေး ၃ ယောက်နဲ့ အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဒါအပြင် ကုတုပါလောင်ရှိ အမှတ် (၇)  ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာလည်း မနက် ၁ နာရီကျော်မှာ တောင်ကျရေနဲ့ အတူ မြေပြိုကျမှုကြောင့် အသက် ၇ အရွယ် ရိုဟင်ဂျာ ဒုက္ခသည် ကလေးတယောက် သေဆုံးခဲ့တယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

ပါလောင်ခါလီရှိ အမှတ်(၁၅) ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာလည်း ဇူလိုင် ၆ ရက် မနက်ပိုင်းက မြေပြိုကျလို့ ရိုဟင်ဂျာ ဒုက္ခသည် လူကြီး ၂ ယောက်နဲ့ ကလေးတယောက် အပါအဝင်  မိသားစု ၃ ယောက် သေဆုံးခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီလို့လည်း အူခီယားမီသတ်ဌာနက တာဝန်ရှိသူ ဒေါ်လာ ထရီပူရာက ပြောပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မိုးသည်ထန်းစွာ ရွာသွန်းပြီး မြေပြိုကျမှုတွေကြောင့် နောက်ထပ် မတော်တဆဖြစ်ပွားမှုမရှိစေရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ နေရာတွေက လူတွေကို ဘေးကင်းရာကို ကြိုတင်ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေတယ်လို့လည်း ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ကော်မရှင်နာ မိုဟာမက် မီဇာနူရ် ရာမန်က ဆိုပါတယ်။

ဇူလိုင် ၆ ရက်နေ့ တရက်တည်းမှာပဲ ကော့ဇ်ဘဇားမြို့နယ် အမှတ် ၁၂ ရပ်ကွက်မှာလည်း မြေပြိုကျလို့ အသက် ၅၀ အရွယ် ဒေသခံတယောက် သေဆုံးခဲ့ပြီး သူရဲ့ မိသားစုဝင် ၂ ယောက်လည်း ပြင်းထန် ဒဏ်ရာရခဲ့ပါတယ်။

ကော့ဇ်ဘဇားခရိုင်အတွင်း မြေပြိုမှုတွေဟာ နာရီပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ နေရာရွှေ့ပြောင်းမှုလုပ်ငန်းတွေကို ဆက်တိုက်ပြုလုပ်နေကြတယ်လို့ မီးသတ်ဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

အူခီးယား အုပ်ချုပ်ရေးအဖွဲ့ကလည်း မိုးဆက်လက်ရွာသွန်းနေတာကြောင့် မြေပြိုနိုင်ခြေ မြင့်မားနေဆဲဖြစ်ပြီး၊ အန္တရာယ်ကျရောက်နိုင်တဲ့ နေရာတွေမှာ ဘေးကင်းရာသို့ ပြောင်းရွှေ့ကြဖို့ အသံချဲ့စက်တွေနဲ့ သတိပေးကြေညာနေပါတယ်။

ကော့ဇ်ဘဇား မိုးလေဝသရုံးရဲ့ ထုတ်ပြန်ချက်အရ ကော့ဇ်ဘဇားဒေသမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၅၀ မီလီမီတာကျော် ရွာသွန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မိုးရွာသွန်းမှုဟာ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့  မုတ်သုံလေ အားကောင်းနေခြင်းတို့ကြောင့် ဖြစ်ပြီး၊ နောက်ထပ် နှစ်ရက်လောက် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်တယ်လို့ ကော့ဇ်ဘဇား မိုးလေဝသဌာနက သတိပေးထားပါတယ်။

Ref: The Daily Star

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013