
မြောက်ကိုရီးယားဟာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ စွမ်းရည်တွေကိုမြှင့်တင်နိုင်အောင် ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက်က ပြောကြားခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကိုလည်း ကိုရီးယားကျွန်းဆွယ်ကို စစ်ပွဲအဖြစ်ကို တွန်းပို့နေတယ် လို့လည်း စွပ်စွဲခဲ့ပါတယ်။
KRT နိုင်ငံပိုင်ရုပ်သံလိုင်းမှ သတင်းဖတ်ကြားသူက အမည်မဖော်လိုသူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ကြေညာချက်ကို ဖတ်ရှုခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဟာ “ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ဘယ်ခြိမ်းခြောက်မှုမျိုး၊ ဘယ်စိန်ခေါ်မှုကိုမဆို ပြတ်ပြတ်သားသား တန်ပြန် လုပ်ဆောင်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။
“ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) မှ ပြုလုပ်ခဲ့တဲ့ နောက်ဆုံးပေါ် ICBM ဟွာဆုန်း နိုင်တီးကို စမ်းသပ်ပစ်ခတ်မှုဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေချိန်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတခု ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို A မှ Z အထိ ကျင့်သုံးခြင်းသာဖြစ်တယ်”လို့ KRT မြောက်ကိုရီးယား ရုပ်သံက ဖတ်ကြားသွားတာပါ။
မြောက်ကိုရီးယားဟာ အောက်တိုဘာ ၃၁ ရက်က ဟွာဆုန်း နိုင်တီး (Hwasong-19) လို့ အမည်ပေးထားတဲ့ လောင်စာဆီခဲ စွမ်းအင်သုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အသစ်ကို စမ်းသပ် ပစ်လွှတ်ခဲ့ပြီး သူ့ရဲ့စစ်ရေး အာဏာကို ပြသခြိမ်းခြောက်ခဲ့ပါတယ်။
အဲဒီပစ်လွှတ်မှုဟာ အရင် ပစ်လွှတ်ခဲ့ပြီးသမျှ မြောက်ကိုရီးယား ဒုံးကျည်တွေထက် ပျံသန်းချိန် ပိုရှည်ကြာခဲ့ပြီး အမြင့်ပေကလည်း ပိုမို မြင်မားကြောင်း မြောက်ကိုရီးယားအပြင် တောင်ကိုရီးယားနဲ့ ဂျပန် စစ်တပ်တွေကလည်း ဆိုပါတယ်။
ဒုံးကျည်ဟာ အာကာသထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်ပျံသန်းခဲ့ပြီးမှ ဂျပန်နဲ့ရုရှားကြားရှိ သမုဒ္ဒရာအတွင်း ကျရောက်သွားခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











