DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် လူကုန်ကူးခံရသူ ၁၀၀ ကျော်ကို ကယ်ဆယ်ရန် ထိုင်းရဲ စတင်လုပ်ဆောင်
DVB
·
October 31, 2024
မြဝတီတွင် လူကုန်ကူးခံရသူ ၁၀၀ ကျော်ကို ကယ်ဆယ်ရန် ထိုင်းရဲ စတင်လုပ်ဆောင်
Donate to DVB

မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့မှာ လူကုန်ကူးခံထားရသူ အယောက် ၁၁၀ ကို ကယ်တင်နိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနခွဲ (ATPD) က ကြိုးပမ်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း Bangkok Post သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ATPD မှ ဗိုလ်မှူးကြီး ဆာရွတ် ကွမ်ဆိုဖာက သူတို့ကို ကယ်တင်နိုင်ရေး နည်းလမ်းတွေ ရှာဖွေဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသံမှူးနဲ့ မြို့နယ် နယ်ခြားကော်မတီ ဥက္ကဋ္ဌတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ ပြောလိုက်တာပါ။

ဒါဟာ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး ကွန်ရက်က ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ဆီ နိုင်ငံ ၉ နိုင်ငံက လူကုန်ကူးခံရသူအယောက် ၁၁၀ လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီးနောက် ခုလို ထွက်ပေါ်လာခဲ့တာပါ။

အဆိုပါကွန်ရက်ရဲ့ အဆိုအရ နိုင်ငံ ၉ နိုင်ငံက ကျူးလွန်ခံရသူတွေကို တရုတ် မာဖီးယားဂိုဏ်းတခုက ဖြားယောင်းပြီး မြန်မာနိုင်ငံက အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ အတင်းအကျပ် ဖိအားပေး အလုပ်ခိုင်းစေခဲ့ကြောင်း ဖော်ပြထားပြီး ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ DKBA တို့ အပါအဝင် ကရင်ပြည်နယ် မြဝတီမြို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေဆီလည်း အလားတူ စာတွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

လူကုန်ကူးသူတွေဟာ မက်လောက်ဖွယ် လစာတွေကို ကတိပြုကာ စာရွက်စာတမ်း အထောက်အထားနဲ့ ခရီးစရိတ်တွေအတွက် ကူညီပေးခဲ့ကြပေမဲ့ ထိုင်းနိုင်ငံကို ရောက်ရှိချိန်မှာတော့ အဆိုပါလူတွေဟာ မဲဆောက်နယ်စပ်ဂိတ်ကတဆင့် မြန်မာနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ ဖိအားပေး စေခိုင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ရဲ့ စာရွက်စာတမ်းတွေနဲ့ တယ်လီဖုန်းလို ဆက်သွယ်ရေးကိရိယာတွေကို သိမ်းယူခဲ့ပြီး သူတို့ကို တရားမဝင်အလုပ်တွေ လုပ်ဆောင်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပြီး တချို့လူတွေဟာ ကိုယ်ထိလက်ရောက် စော်ကားမှုတွေ ကြုံတွေ့ရသလို ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မိသားစုတွေဆီ ဆက်သွယ်တာမျိုးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါအယောက် ၁၁၀ ကိုတော့ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ DKBA ထိန်းချုပ်နယ်မြေတွေမှာ ဖမ်းဆီးထားတယ်လို့ သိရပြီး ဖိလစ်ပိုင်နိုင်ငံသား ၃၆ ယောက်နဲ့ မော်ရိုကိုနိုင်ငံသား ၁ ယောက်က BGF ထိန်းချုပ်နယ်မြေမှာ ရှိနေကာ ကျန်တဲ့သူတွေကတော့ DKBA ထိန်းချုပ်နယ်မြေတွေမှာ ရှိနေတယ်လို့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ United States Institute of Peace(USIP) ရဲ့ ပြီးခဲ့တဲ့ မေလတုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ လာအိုနိုင်ငံတွေက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ နှစ်စဉ် ဒေါ်လာ ၄၃ ဒသမ ၈ ဘီလီယံ ရရှိတယ်လို့ ဖော်ပြထားပြီး လူကုန်ကူးသူတွေအနေနဲ့ ထိုင်းနိုင်ငံကို အကူးအပြောင်းနေရာအဖြစ် အသုံးပြုထားတာကြောင့် ထိုင်းအစိုးရအနေနဲ့လည်း ဒီပြဿနာနဲ့ ကင်းကွာနိုင်မှာ မဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ ISP Myanmar အဖွဲ့ရဲ့ သတင်းအချက်အလက်တွေအရ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝတီမြို့ ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013