
မြောက်ကိုရီးယားဟာ အောက်တိုဘာ ၃၁ ရက်က သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ဘက်ကို ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း ဆိုးလ်က သတင်းထုတ်ပြန်ပြီး နောက်တရက်အကြာမှာပဲ ပစ်လွှတ်လိုက်တာပါ။
တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ဦးစီးချုပ် (JCS) မှ ပြည်သူ့ရေးရာ ဒါရိုက်တာ၊ ဗိုလ်မှူးကြီး အီဆွန်းဂျွန်းက “ဒီနေ့မနက် ၇ နာရီ ၁၀ မိနစ်မှာ ပြုံယမ်းကနေ အရှေ့ပင်လယ်ထဲကို ပစ်လွှတ်လိုက်တဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစင်းကို ကျနော်တို့စစ်တပ်က တွေ့ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်ဟာ မြို့တော် ပြုံယမ်းအနီးရှိ ဧရိယာမှ အပေါ်စီးကနေ ပစ်လွှတ်တာဖြစ်ပြီး ကီလိုမီတာ ၁,၀၀၀ လောက် ပျံသန်းပြီးနောက် အရှေ့ပင်လယ်ကို ထိမှန်ခဲ့ကြောင်းနဲ့ တောင်ကိုရီးယားစစ်တပ်ဟာ အမေရိကန်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီးတော့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုအတွက် မြောက်ကိုရီးယားရဲ့ ပြင်ဆင်မှုတွေကို လိုက်လံရှာဖွေနေကြောင်းလည်း ဆိုပါတယ်။
အသစ်တီထွင်ထားတဲ့ လောင်စာဆီခဲ အားဖြည့်ကိရိယာကို အသုံးပြုခဲ့တာ ဖြစ်နိုင်ကြောင်းလည်း ဆိုးလ်စစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန်သမ္မတရွေးကောက်ပွဲ နီးလာချိန်မှာ မြောက်ကိုရီးယားရဲ့ အလျှော့အတင်းလုပ်ပိုင်ခွင့်ကို တိုးမြှင့်ဖို့ ဗျူဟာတခုလို့ ထင်မြင်ကြောင်းနဲ့ သူတို့ရဲ့ လက်ရှိအခြေအနေကနေ လွတ်မြောက်ဖို့ ဖြစ်နိုင်ခြေတခုလို့လည်း ရှုမြင်ကြောင်း ဗိုလ်မှူးကြီး အီဆွန်းဂျွန်းက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားကို သူ့တပ်ဖွဲ့ဝင် ၁၁,၀၀၀ စေလွှတ်ထားပြီး ၃,၀၀၀ ကို ယူကရိန်းနဲ့ အနောက်ဘက် ရှေ့တန်းစစ်မျက်နှာတွေ အနီးကို ဖြန့်ကျက်ထားတယ်လို့ အမေရိကန်နဲ့ တခြားသူတွေ ပြောကြားချက်အပေါ် နိုင်ငံတကာက ရှုတ်ချမှုတွေ ထွက်ပေါ်ပြီးနောက် ဒီမနက်မှာ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံကတော့ မြောက်ကိုရီးယားဟာ အရင်ပစ်လွှတ်ခဲ့မှုတွေထက် အခုတခေါက် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုဟာ ပျံသန်းချိန် အရှည်ကြာဆုံးနဲ့ အမြင့်ဆုံး ဖြစ်နိုင်တယ်လို့ သံသယရှိကြောင်း အောက်တိုဘာ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီတကြိမ် ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်ဟာ ၈၆ မိနစ်ခန့် ပျံသန်းနိုင်ခဲ့ပြီး အမြင့်ပေက ကီလိုမီတာ ၇,၀၀၀ ကျော်ရှိပြီး အမြင့်ဆုံးလည်း ဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ယိုရှီမာဆာ ဟာယာရှီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒုံးကျည်ပစ်လွှတ်မှုကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်းလည်း ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှိဘ က ပြောကြားခဲ့ပါတယ်။
Source-Reuters











