DVB Logo
Home
မြန်မာသတင်း
BGF စောချစ်သူအပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို အီးယူ၊ ယူကေ၊ ကနေဒါ ဒဏ်ခတ် ပိတ်ဆို့
DVB
·
October 30, 2024
BGF စောချစ်သူအပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို အီးယူ၊ ယူကေ၊ ကနေဒါ ဒဏ်ခတ် ပိတ်ဆို့
Donate to DVB

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဥရောပသမဂ္ဂ (အီးယူ) အပါအဝင် ယူကေနဲ့ ကနေဒါနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အကြောင်း အောက်တိုဘာ ၂၉ ရက်မှာ အသီးသီး ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ အီးယူအနေနဲ့ ဗိုလ်မှူးကြီး စောချစ်သူပိုင် ချစ်လင်းမြိုင်အုပ်စု (CLM) နဲ့အတူ သူ့ရဲ့ အပေါင်းပါတွေဖြစ်တဲ့ ဗိုလ်မုတ်သုံနဲ့ ဗိုလ်မှူးကြီး ဗိုလ်တင်ဝင်းတို့ကိုပါ ဒဏ်ခတ်ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းထားတာပါ။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နားက ရွှေကုက္ကိုမြို့အပါအဝင် ဒေသတွင်းမှာတော့ ကျားဖြန့် အွန်လိုင်း လိမ်လည်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေအတွက် အချက်အချာနေရာဖြစ်နေပြီး အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေ အပါအဝင် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံတွေ့နေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗိုလ်မှူးကြီး စောချစ်သူပိုင် ချစ်လင်းမြိုင်အုပ်စု (CLM) ဟာ ဒီရာဇဝတ်ပြစ်မှုဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပါဝင်နေသလို စစ်အုပ်စုနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးရှိနေပြီး ဥပမာ အားဖြင့် စစ်အုပ်စုဆန့်ကျင်တော်လှန်သူတွေကို စစ်တပ်ဘက် သတင်းပေးပြီး စစ်သားစု ဆောင်းတာမျိုးတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ဖော်ပြပါတယ်။

ယူကေအစိုးရ ထုတ်ပြန်ချက်မှာတော့ မြန်မာစစ်တပ်ကို လေယာဉ်လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီလုပ်ငန်း ၆ ခုဖြစ်တဲ့   Asia Sun Group ကုမ္ပဏီ၊ Swan Energy ကုမ္ပဏီ ၊ Myan-Oil ကုမ္ပဏီ၊ Rich Ray Trading ကုမ္ပဏီနဲ့ Progress Technology Support ကုမ္ပဏီ ခေါ်  Royal Shune Lei လုပ်ငန်းနဲ့ King Royal Technologies ကုမ္ပဏီတွေ ပါဝင်နေတာပါ။

အဆိုပါ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီးတော့ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး ကက်သရင်း ဝက်စ်ထ်က “နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်း ဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ။ ဒါကြောင့် ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီသို့ ပစ္စည်းကိရိယာတွေနဲ့ လေကြောင်းလောင်စာတွေ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကျတို့ရဲ့ မိတ်ဖက်တွေဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာတွေနဲ့ အရင်းအမြစ်တွေ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။ အခု ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုတွေဟာ မြန်မာစစ်တပ်အပေါ် ဖိအားတိုးများစေမှာဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေနဲ့ သူတို့မျှော်မှန်းထားတဲ့ ငြိမ်းချမ်းသောဒီမိုကရေစီ အနာဂတ်အတွက် ယူကေဟာ ကူညီထောက်ပံ့မှုတွေနဲ့အတူ အခိုင်အမာ ရပ်တည်ဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကနေဒါအစိုးရ ထုတ်ပြန်ချက်မှာတော့ မြန်မာစစ်တပ်ဆီ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတဲ့ လူပုဂ္ဂိုလ် ၃ ဦးနဲ့ အဖွဲ့အစည်း ၄ ခုကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြပါတယ်။

နိုင်ငံခြားရေး၀န်ကြီး မယ်လ်နီဂျိုလီက “မြန်မာစစ်တပ်က သူ့နိုင်ငံသားတွေကို တိုက်ခိုက်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေချိန်မှာ ကနေဒါဟာ ဘာမှမလုပ်ဘဲ နေမှာ မဟုတ်ပါဘူး။ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေတဲ့ မြန်မာပြည်သူလူထုကို ထောက်ခံအားပေးဖို့ စစ်အစိုးရကို ဆက်လက်က ပြီးတော့ ဖိအားပေးသွားမှာပါ” လို့ ပြောပါတယ်။

ကနေဒါနိုင်ငံအနေနဲ့ လတ်တလောအချိန်ထိ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ် အာဏာသိမ်းပြီးနောက် အရေးယူပိတ်ဆို့ဒဏ်ခတ်စာရင်းမှာ လူပုဂ္ဂိုလ် ၉၂ ဦးနဲ့ အဖွဲ့အစည်း ၄၅ ခုကို စာရင်းပြုစုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ တာဝန်ခံမှု၊ တရားမျှတမှုရှိဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ယူကေနိုင်ငံက အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ ပူးတွဲတောင်းဆိုခဲ့ပြီး မြန်မာပြည်သူတွေနဲ့ ပြည်သူတွေ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အနာဂတ်အတွက် ကူညီထောက်ပံ့မှုတွေနဲ့အတူ အခိုင်အမာ ရပ်တည်ထားပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြိမ်အရေအတွက် အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နဲ့ ချီ သေဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဉာဏ်လင်းသစ်သုတေသနရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လအထိ စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၈၂၀ ခုရှိခဲ့ပြီး သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၄၅၅ ဦး၊ ဒဏ်ရာရရှိသူ ၈၁၉ ဦး ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013