DVB Logo
Home
မြန်မာသတင်း
EU က မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ထပ်တိုးတာ ထိရောက်မှု ရှိရဲ့လား 
DVB
·
May 1, 2026
Photo:Reuters
Photo:Reuters
Donate to DVB

မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်ပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်လောက်အောင် ထိရောက်မှုရှိရဲ့လား ဆိုတာ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဖိနှိပ်နေတဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေသူတွေအပေါ် နိုင်ငံတကာ က အရေးယူဒဏ်ခတ်မှုတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ သိသိသာသာ ပိုများ လာပါတယ်။

မြန်မာအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ အရေးယူပိတ်ဆို့မှုတွေကိုလည်း ဧပြီ ၂၇ ရက်က တနှစ် သက်တမ်းတိုးလိုက်ပါတယ်။

အရင်ပိတ်ဆို့မှုစာရင်းထဲကနေ ကွယ်လွန်သွားပြီဖြစ်တဲ့ စစ်တပ်ခန့် ယာယီသမ္မတ ဦးမြင့်ဆွေ ကိုတော့ ဖယ်ရှားပေးလိုက်တာကြောင့် ကျန်အရေးယူခံထားရဆဲစာရင်းဟာ လူပုဂ္ဂိုလ် ၁၀၅ ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခု ဖြစ်ပါတယ်။ ကန့်သတ်ချက်တွေဟာ ဧပြီ ၃၀ ရက်၊ ၂၀၂၇ ထိအောင် ရှိနေမှာပါ။

စစ်အုပ်စုရဲ့ မတရား အာဏာသိမ်းမှုအောက်မှာ မြန်မာပြည်သူတွေ နေထိုင်နေရတာ ၅ နှစ် ကြာခဲ့ပြီ ဖြစ်သလို စစ်အုပ်စုရဲ့ အဓမ္မ အကြမ်းဖက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုဒဏ်တွေကို ဆက်လက် ခံစားနေရတာကြောင့် ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ တကယ်ပဲ ထိရောက်ရဲ့လားဆိုတဲ့ မေးခွန်း တွေလည်း ထွက်ပေါ်နေပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ အစီအစဥ်ဒါရိုက်တာ မဇိုယာဖန်းက EU ရဲ့ ပိတ်ဆို့မှုတွေထဲ စစ်တပ်ပိုင် ကုမ္ပဏီကြီးတွေဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင် (MEHL) တို့ကို အရေးယူတာက စစ်ဗိုလ်ချုပ် တွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေကို အတိုင်းအတာတခုထိ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။  ဒါပေမဲ့လည်း ဒီပိတ်ဆို့မှုတွေဟာ ပြီးပြည့်စုံဖို့ လိုအပ်ချက်တွေတော့ ရှိနေဆဲပဲလို့ ဆိုပါတယ်။

မဇိုယာဖန်းက “Mytel ကိုတောင် အရေးယူထားခြင်း မရှိသေးသလို စစ်တပ်က နိုင်ငံခြားငွေ လဲလှယ်ဖို့နဲ့ လက်နက်၊ လေယာဉ်ဆီ ဝယ်ယူဖို့ အသုံးပြုနေတဲ့ နိုင်ငံပိုင်ဘဏ်တွေကိုလည်း အရေးယူ ထားခြင်း မရှိသေးပါဘူး။ ပိတ်ဆို့အရေးယူမှုတွေ ထိရောက်ဖို့ဆိုရင် အမြဲတမ်း နောက်ဆုံး အခြေအနေနဲ့အညီ ပြင်ဆင်နေရမှာ ဖြစ်ပေမဲ့ EU က အရေးယူမှုအသစ်တွေ ထပ်မလုပ်တော့ တာကြောင့် စစ်တပ်အနေနဲ့ ပိတ်ဆို့မှုတွေကို ရှောင်ကွင်းနိုင်မဲ့ နည်းလမ်းသစ်တွေကို ရှာဖွေနိုင် နေပါတယ်” လို့ ပြောပါတယ်။

Burma Campaign UK  အခြေစိုက်တဲ့ လန်ဒန်မြို့မှာလည်း စစ်ဗိုလ်ချုပ်ဟောင်း မိသားစုတွေက တန်ဖိုးကြီး အိမ်တွေ ဝယ်ယူနေထိုင်နေကြတာဖြစ်ပါတယ်။  

လက်ရှိ မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နိုင် နေတာက ကနေဒါနိုင်ငံ တခုတည်းကပဲ မြန်မာစစ်တပ်ဆီ လေယာဉ်ဆီရောက်ရှိမှုကို အပြည့်အဝ ပိတ်ပင်ထားတာလို့ မဇိုယာဖန်းက ဆိုပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ လိုအပ်ချက်တွေ ရှိနေသေးပေမဲ့ တဖက်မှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို လိုချင်နေတဲ့ စစ်အာဏာရှင် ခေါင်းဆောင် မင်းအောင်လှိုင် အတွက်တော့ ထိုးနှက်ချက်တခု ဖြစ်တယ်လို့ ဆိုပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့မှ နွေဦးလီလီက “EU Sanction ထပ်တိုးလိုက်တာက Legitimacy တရားဝင်မှုကို အသည်းအသန် လိုချင်နေတဲ့ မင်းအောင်လှိုင်အတွက်ရော စစ်အုပ်စုအတွက်ရော နိုင်ငံရေးအရ ပွဲမတူဘူး ဖြစ်သွားတယ်။ မြန်မာပြည်ရဲ့ သမ္မတ လုပ်ချင်တဲ့ မင်းအောင်လှိုင်အတွက် ဥရောပနဲ့ ဆက်ဆံရေး ဆက်ပြီး ပိတ်ဆို့ကန့်သတ်ခံရတာ ဖြစ်တယ်။ ဒီလို ပိတ်ဆို့မှု ဆက်တိုးလိုက်တာဟာ ဥရောပသမဂ္ဂက မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် အသိအမှတ် မပြုဘူး ဆိုတာကို ဖော်ပြနေတာလည်း ဖြစ်တယ်” လို့ ပြောပါတယ်။

ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲ စစ်အုပ်စုသုံးတဲ့ တိုက်လေယာဉ်တွေအတွက် ပြည်တွင်းကို လေယာဉ်ဆီ တင်သွင်း၊ သယ်ယူ၊ ပို့ဆောင်၊ ဖြန့်ဖြူးတာတွေကို လုပ်ဆောင်နေတဲ့ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း (MPE) နဲ့ လက်နက်၊ စစ်လေယာဉ်၊ လေယာဉ်ဆီတွေကို နည်းပညာတွေနဲ့ တရားဝင် ဘဏ်ငွေလမ်းကြောင်းကနေတဆင့် နိုင်ငံတကာကနေ ဝယ်ယူအသုံးပြုနေတဲ့ ငွေလဲလှယ် လမ်းကြောင်းတွေ လုပ်ဆောင်နေတဲ့ မြန်မာ့စီးပွားရေးဘဏ် (MEB) နဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (MADB) တို့ကိုလည်း ပိတ်ဆို့ဖို့ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

EU ရဲ့ ဒဏ်ခတ်မှု ပိတ်ဆို့စာရင်းထဲမှာ မြန်မာနိုင်ငံကို လေယာဉ်ဆီ ပို့ဆောင်နေတဲ့ တရုတ်နဲ့ ဗီယက်နမ်ကုမ္ပဏီတွေလိုမျိုး နိုင်ငံတကာကုမ္ပဏီ တခုမှ မပါဝင်တာကိုလည်း လေ့လာသုံးသပ်သူ တွေက ထောက်ပြကြပါတယ်။

EU ရဲ့ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ထိရောက်ရဲ့လားဆိုရင် ယုတ္တိမရှိတဲ့ အချက်တွေကို တွေ့ရသလို ရုရှားကို ပိတ်ဆို့သလိုမျိုး မြန်မာနိုင်ငံကို ဘာကြောင့် မပိတ်ဆို့ရတာလဲလို့လည်း မဇိုယာဖန်းက မေးခွန်းထုတ်ပါတယ်။

“EU ရဲ့ ပိတ်ဆို့မှုတွေဟာ ယုတ္တိမရှိပါဘူး။ သူတို့က MOGE ကို ပိတ်ဆို့ထားပေမဲ့ MOGE က ဖက်စပ်ပါဝင်နေတဲ့ စီမံကိန်းတွေမှာ ဥရောပကုမ္ပဏီတွေ ဆက်အလုပ်လုပ်ခွင့် ပေးထားပါတယ်။ စစ်တပ်ကို လက်နက်ရောင်းချတာ ပိတ်ပင်ထားပေမဲ့ စစ်တပ်က တခြားနိုင်ငံကနေ လက်နက်ဝယ်ဖို့ အသုံးပြုနေတဲ့ ဘဏ်တွေကိုတော့ ပိတ်ဆို့မထားပါဘူး။ ရုရှားနဲ့ပတ်သက်ရင် EU က ‘ပိတ်ဆို့ အရေးယူမှု တခုချင်းစီဟာ ရုရှားရဲ့ စစ်ပွဲဆင်နွှဲနိုင်စွမ်းကို အားနည်းစေတယ်။ ဥရောပကတော့ နောက်ဆုတ်မှာ မဟုတ်ဘူး။ ရုရှားက စစ်ပွဲကို အဆုံးမသတ်မချင်း EU က ဖိအားတွေ ဆက်ပေး နေမှာပဲ’လို့ ပြောခဲ့ပါတယ်။ အဲဒီတော့ ဘာဖြစ်လို့ မြန်မာနိုင်ငံအတွက်ကျတော့ အဲဒီလိုမျိုး တန်းတူ မလုပ်ပေးတာပါလဲ။”

DVB Data Team ရဲ့ အချက်အလက်တွေအရ အခုနှစ် ၂၀၂၆ ဇန်နဝါရီလက စလို့ ဧပြီ ၂၉ ရက်အထိ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၀၅ ကြိမ်ရှိခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၇၂၇ ယောက် သေဆုံးခဲ့ရသလို ၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013