DVB Logo
Home
မြန်မာသတင်း
မြဝတီ၌ လူကုန်ကူးခံရသူ အယောက် ၁၁၀ လွတ်မြောက်ရေးကူညီပေးရန် တောင်းဆို
DVB
·
October 28, 2024
မြဝတီ၌ လူကုန်ကူးခံရသူ အယောက် ၁၁၀ လွတ်မြောက်ရေးကူညီပေးရန် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့မှာ လူကုန်ကူးခံထားရသူ အယောက် ၁၁၀ လွတ်မြောက်နိုင်ရေး အကူအညီပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းတောင်းဆိုထားကြောင်း Bangkok Post သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေးကွန်ရက်က ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ထရာဆီ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာထဲမှာတော့ မြဝတီမြို့ အခြေစိုက် ရာဇ၀တ်ဂိုဏ်းတွေဟာ နိုင်ငံ ၉ နိုင်ငံက လူပေါင်း ၁၁၀ ကို မသမာတဲ့ အလုပ်ကမ်းလှမ်းမှုတွေနဲ့ ထိုင်းနိုင်ငံဆီ လာရောက်ဖို့ လှည့်ဖြားခဲ့ကြတယ်လို့ ဆိုပါတယ်။

လူကုန်ကူးသူတွေဟာ မက်လောက်ဖွယ် လစာတွေကို ကတိပြုကာ စာရွက်စာတမ်း အထောက်အထားနဲ့ ခရီးစရိတ်တွေအတွက် ကူညီပေးခဲ့ကြပေမဲ့ ထိုင်းနိုင်ငံကို ရောက်ရှိချိန်မှာတော့ အဆိုပါလူတွေဟာ မဲဆောက်နယ်စပ်ဂိတ်ကတဆင့် မြန်မာနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ ဖိအားပေး စေခိုင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ရဲ့ စာရွက်စာတမ်းတွေနဲ့ တယ်လီဖုန်းလို ဆက်သွယ်ရေးကိရိယာတွေကို သိမ်းယူခဲ့ပြီး သူတို့ကို တရားမဝင်အလုပ်တွေ လုပ်ဆောင်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပြီး တချို့လူတွေဟာ ကိုယ်ထိလက်ရောက် စော်ကားမှုတွေ ကြုံတွေ့ရသလို ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မိသားစုတွေဆီ ဆက်သွယ်တာမျိုးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါအယောက် ၁၁၀ ကိုတော့ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ DKBA ထိန်း ချုပ်နယ်မြေတွေမှာ ဖမ်းဆီးထားတယ်လို့ သိရပြီး ဖိလစ်ပိုင်နိုင်ငံသား ၃၆ ယောက်နဲ့ မော်ရိုကို နိုင်ငံသား ၁ ယောက်က BGF ထိန်းချုပ်နယ်မြေမှာ ရှိနေကာ ကျန်တဲ့သူတွေကတော့ DKBA ထိန်းချုပ်နယ်မြေတွေမှာ ရှိနေတယ်လို့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြပါတယ်။

BGF အဖွဲ့ဟာ ကောလ်စင်တာ ငွေလိမ်ဂိုဏ်းတွေ အပါအဝင် သူတို့ကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေသလို DKBA အဖွဲ့ကလည်း ကာစီနိုလောင်းကစားရုံတွေ အများအပြားတည်ရှိရာ မြဝတီရဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားတာပါ။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီးတွေကလည်း လူကုန်ကူးဂိုဏ်းတွေ ဖြားယောင်းခံထားရတဲ့ သူတို့ရဲ့ နိုင်ငံသားတွေအတွက် အကူအညီပေးဖို့ အာဏာပိုင်တွေဆီ တောင်းဆိုမှုတွေလည်း ပေးပို့ခဲ့တယ်လို့ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး ကွန်ရက်က ဆိုပါတယ်။

ကုလသမဂ္ဂ United States Institute of Peace(USIP) ရဲ့ ပြီးခဲ့တဲ့ မေလတုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ လာအိုနိုင်ငံတွေက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ နှစ်စဉ် ဒေါ်လာ ၄၃ ဒသမ ၈ ဘီလီယံ ရရှိတယ်လို့ ဖော်ပြထားပြီး လူကုန်ကူးသူတွေအနေနဲ့ ထိုင်းနိုင်ငံကို အကူးအပြောင်းနေရာအဖြစ် အသုံးပြုထားတာကြောင့် ထိုင်းအစိုးရအနေနဲ့လည်း ဒီပြဿနာနဲ့ ကင်းကွာနိုင်မှာမဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ ISP Myanmar အဖွဲ့ရဲ့ သတင်းအချက်အလက်တွေအရ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝတီမြို့ ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ကျားဖြန့်လူဖမ်းပွဲတွေ အပြိုင်အဆိုင် လုပ်နေကြပေမဲ့ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတွေကို ဘယ်လိုဘယ်ပုံ ဖမ်းဆီးအရေးယူနေသလဲဆိုတာ အခုထိ မသိကိန်းအနေနဲ့ ရှိနေဆဲဖြစ်တယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

Source: Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013