DVB Logo
Home
မြန်မာသတင်း
ချောင်းသာတွင် အငြိမ်းစားဗိုလ်ကြီးကို ရဲစခန်းမှူးနှင့်အဖွဲ့က ဝိုင်းရိုက်နှက်
DVB
·
April 27, 2026
Photo: KKL
Photo: KKL
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့မှာရှိတဲ့ “77777” KTV မှာ စစ်အာဏာရှင်တပ် အငြိမ်းစားဗိုလ်ကြီးတယောက်ကို ရဲအရာရှိတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၂၄ ရက်က အငြိမ်းစားဗိုလ်ကြီး စည်သူနိုင်က KTV မှာ လိုအပ်တဲ့ပစ္စည်းတွေ မှာယူရာက 77777 KTV က တာဝန်ရှိသူတို့အကြား အငြင်းပွားမှုဖြစ်ပွားပါတယ်။ အငြင်းပွားမှုကို လာရောက်ဖြေရှင်းပေးတဲ့ ချောင်းသာနယ်မြေ ရဲစခန်းက စခန်းမှူး မျိုးကိုကို၊ နယ်ထိန်း ဝေလင်း၊ သီဟဇော် ဆိုတဲ့ အရာရှိတွေနဲ့ပါ ထပ်ဆင့်အငြင်းပွားမှု ဖြစ်ပွားပြီး ရဲအရာရှိတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

ဒေသခံတယောက်က “ရိုက်နှက်ခံရတဲ့ ဗိုလ်ကြီးက ရဲတွေမှန်း မသိဘူး၊ မူးနေတာ။ လာပြီးဖြေရှင်းပေးတဲ့ ဝိုင်းရိုက်တဲ့ရဲတွေက ပထမ ဗိုလ်ကြီးမှန်း မသိဘူး။ နောက် သိတော့လည်း ရိုက်တယ်။ ဂရုမစိုက်ဘူး။ ဗိုလ်ကြီးမကလို့ ဘာဖြစ်ဖြစ်လို့ ပြောတာ။ ဗိုလ်ကြီးဆိုတော့ (--) ဖြစ်လား ဆိုပြီး ချတာ” လို့ ပြောပါတယ်။

အငြိမ်းစားဗိုလ်ကြီး စည်သူနိုင်ကို ချောင်းသာနယ်မြေစခန်းမှူး မျိုးကိုကိုနဲ့အဖွဲ့က သေနတ်ကျည်ထိုးကာ ချိန်ရွယ်ပြီး ခြေထောက်နဲ့ကန်၊ သေနတ်ဒင်နဲ့ ထုရိုက်ခဲ့တာလို့ သိရပါတယ်။

ဝိုင်းရိုက်နှက်ခံရတဲ့ ဗိုလ်ကြီး(ငြိမ်း) စည်သူနိုင်ဟာ ပြင်းထန်တဲ့ဒဏ်ရာတွေ ကိုယ်ခန္ဓာအနှံ့ ရရှိတာကြောင့် ချောင်းသာတိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူပေမဲ့ စိုးရိမ်ရတဲ့အတွက် ပုသိမ်ပြည်သူ့ဆေးရုံကြီးကို လက်ရှိ ပြောင်းရွှေ့ကုသနေရပါတယ်။

ပုသိမ်အခြေစိုက် အငြိမ်းစား တပ်တာဝန်ရှိသူတယောက်က “အငြိမ်းစားတွေဆို ရဲတွေရော၊ တပ်ဘက်ကပါ အရေးမလုပ် ဂရုမစိုက်တာ။ KTV မှာမကလို့ ဘယ်မှာဖြစ်ဖြစ် အငြိမ်းစားမို့ မလေးစားတာ မကောင်းဘူး။ အစဉ်အလာအရလည်း မကောင်းဘူး။ စိတ်ထဲကိုမကောင်းဘူး” လို့ ပြောပါတယ်။

အဆိုပါ တပ်အငြိမ်းစားအရာရှိ အရိုက်ခံရမှုကို စစ်အာဏာရှင် ရဲတပ်ဖွဲ့ဘက်ကအပြင် တပ်ဘက်ကပါ သတင်းဖုံးထားပြီး ဒဏ်ရာရ အငြိမ်းစားဗိုလ်ကြီးမှာ ဧပြီ ၂၇ ရက်အထိ သတိမရတချက် ရတချက် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013