DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် CI စာအုပ် ထုတ်ပေးရေးစင်တာ ဖွင့်မည် 
DVB
·
October 24, 2024
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် CI စာအုပ် ထုတ်ပေးရေးစင်တာ ဖွင့်မည် 
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရထားပြီးသားဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်  ၄ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် CI (CI- Certificate of Identity)  မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထားထုတ်ပေးတဲ့ စင်တာဖွင့်လှစ်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။

အဆိုပါစင်တာကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၅ ခုနှစ် ဧပြီလထိ ဖွင့်လှစ်ဖို့၊ အရင်ဆုံး စမွတ်စခွန်းမြို့မှာ စတင်ဖွင့်လှစ်ပြီး လာရောက်ဆက်သွယ်ဆောင်ရွက်တဲ့ အလုပ်သမားဦးရေ များပြားပါက  သက်ဆိုင်ရာနိုင်ငံက တာဝန်ရှိသူတွေလည်း တောင်းဆိုပါက နောက်ထပ်နေရာမှာ တိုးချဲ့ဖွင့်လှစ်သွားဖို့  အောက်တိုဘာ ၂၁ ရက်  ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေး အစည်းအဝေးမှာ သဘောတူခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဖိဖတ် ရာ့ချ်ကစ်ပကန်က ပြောပါတယ်။

အဆိုပါစင်တာကနေ CI ( အစိမ်းရောင်စာအုပ် ) အပြင်  ခရီးသွားစာရွက်စာတမ်း  ( TD ) နဲ့  နိုင်ငံကူးလက်မှတ် (Passport) တွေထုတ်ပေးတာ၊ ဒီအောက်တိုဘာ ၃၁ ရက်မှာ စာအုပ်သက်တမ်းကုန်ဆုံးမယ့်သူတွေအတွက် သက်တမ်းတိုးပေးတာတွေလည်း ဆောင်ရွက်ပေးသွားမယ်၊ စာအုပ်သက်တမ်းတိုးပြီးက MOU လုပ်သားကဲ့သို့ ထိုင်းနိုင်ငံမှာ နောက်ထပ် ၂ နှစ် အလုပ်လုပ်ခွင့်ရမယ်လို့ ဆိုပါတယ်။

ယာယီလက်မှတ်ကိုင်ဆောင်ပြီး နေထိုင်ခွင့်အထောက်အထား (ပန်းရောင်ကတ်) မလုပ်ရ‌သေးတဲ့ သူတွေလည်း သတ်မှတ်ထားတဲ့နေ့ရက်အတွင်း အပြီးအစီးလုပ်ဆောင်ဖို့  ဝန်ကြီးက တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ဘာအထောက်အထားမှ မရှိသေးတဲ့သူတွေ၊ လက်မှတ်ရှိခဲ့ဖူးပေမဲ့ သက်တမ်းတိုးဖို့ ပျက်ကွက်လို့ အထောက်အထားမဲ့ဖြစ်သွားသူတွေ အတွက်  မှတ်ပုံပြန်တင်ပေးဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က ထိုင်းဝန်ကြီးများအဖွဲ့အစည်းအဝေးမှာ မူအားဖြင့် သဘောတူထားပေမဲ့ လုပ်ထုံးလုပ်နည်းအသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

အဆိုပါအစီအစဉ်မှာ မှတ်ပုံတင်ခွင့်ရသွားရင်  ထိုင်းနိုင်ငံထဲမှာ ကနဦးအနေနဲ့  ၁ နှစ် နေထိုင် လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

အစိုးရက မှတ်ပုံတင်ခွင့် အမည်စာရင်းတင်သွင်းရမယ့်နေရက်ကို အတိအကျ မကြေညာသေးပေမဲ့  ပွဲစားနဲ့ အေဂျင်စီတွေကတော့ လူသစ်အမည်စာရင်းတွေ ကြိုတင်ကောက်ယူနေပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေအတွက် တရားဝင်လုပ်ကိုင်နိုင်အောင် ထိုင်း အစိုးရက အလျဉ်းသင့်သလို တရားမဝင်အလုပ်သမားမှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်၊ အဆိုပါ လုပ်သားတွေဟာ အရင်ဆုံး အမည်စာရင်းတင်သွင်းပြီး အလုပ်လုပ်ခွင့်ရပါက နေထိုင်ခွင့်ကတ် (ပန်းရောင်ကတ်) လုပ်ရပါတယ်၊ အဲဒီကနေတဆင့်  နယ်မြေပြင်ပခရီးသွားလာခွင့်ရဖို့  CI (အစိမ်းရောင်စာအုပ်) ထပ်လုပ်ရတာဖြစ်ပါတယ်။

MOU စနစ်နဲ့ တရားဝင်လာလုပ်သူတွေကတော့ ပတ်စပို့ (အနီရောင်) စာအုပ်ရှိပြီးသား ဖြစ်တဲ့အတွက် CI  စာအုပ် ထပ်လုပ်ဖို့ မလိုအပ်ပါဘူး။ 

ကိုးကား - thaigov

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013