DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ် သမ္မတနန်းတော်ကို ဝင်စီးနင်းရန်ကြိုးစားသည့် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့
DVB
·
October 24, 2024
ဘင်္ဂလားဒေ့ရှ် သမ္မတနန်းတော်ကို ဝင်စီးနင်းရန်ကြိုးစားသည့် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့
Donate to DVB

ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟမ်မဒ် ရှာဟာဘူဒင် နုတ်ထွက်ပေးရေးကို တောင်းဆိုကြတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းမှာ မြို့တော်ဒါကာရှိ သမ္မတအိမ်တော်ကို ဝိုင်းရံထားခဲ့ကြပါတယ်။

သြဂုတ်လတုန်းက ဟာစီနာကို ဖြုတ်ချရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုအဖွဲ့ဟာ အင်္ဂါနေ့မွန်းလွဲပိုင်းက ဒါကာမှာ လူထုစည်းဝေးပွဲတခု ပြုလုပ်ခဲ့ပြီး သမ္မတနုတ်ထွက်ရေးကို တောင်းဆိုထားတဲ့ အချက် ၅ ချက်ပါ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီနေ့ညပိုင်းမှာ ဆန္ဒပြသူတွေဟာ သမ္မတနေအိမ်ကို ချီတက်လာချိန်မှာ စစ်တပ်အတားအဆီးတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

သူတို့ဟာ အိမ်အပြင်မှာ စုရုံးခဲ့ကြပြီး သမ္မတကို နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ကြွေးကြော်သံတွေ ရွတ်ဆိုခဲ့ကြပါတယ်။

တင်းမာမှုတွေ အရှိန်မြင့်လာတာနဲ့အမျှ ဆန္ဒပြသူတွေဟာ လုံခြုံရေးအတားအဆီးတွေကို ဖောက်ဖျက်ဖို့ ကြိုးပမ်းလာချိန်မှာ ရဲတပ်ဖွဲ့ဟာ အသံဗုံးတွေသုံးပြီး လူစုခွဲဖို့ ကြိုးစားခဲ့ကြပါတယ်။

မငြိမ်မသက်မှုတွေဟာ မြို့တော်ပြင်ပကို ပျံ့နှံ့သွားပြီး နိုင်ငံတဝန်းရှိ တခြားခရိုင် အများအပြားမှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒေသတွင်း သတင်းစာတစောင်ဖြစ်တဲ့ မာနဘ်ဇာဘင် သတင်းစာကနေ သမ္မတ ရှာဟာဘူဒင်နဲ့ အင်တာဗျူးကို ထုတ်ဝေခဲ့ပြီးနောက်မှာ ဒီလူထုစုဝေးအုံကြွမှု စတင်ပေါ်ပေါက်လာခဲ့ပြီး အဲဒီ အင်တာဗျူးထဲမှာ သူက ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာ ရာထူးက နုတ်ထွက်ကြောင်း ကြားသိထားပေမဲ့ အတည်ပြုဖို့ အထောက်အထား မတွေ့ရဘူးလို့ ပြောဆိုထားတာပါ။

အင်တာဗျူးထဲမှာ ရှာဟာဘူဒင်က ဟာစီနာ ဆီကနေ နုတ်ထွက်စာရရှိဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း ဖော်ပြထားပြီး ဒါဟာ သူ့မှာ အချိန်မရှိလို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားတာ ဖြစ်ပါတယ်။

ရှာဟာဘူဒင်ရဲ့ မှတ်ချက်တွေဟာ ရှိတ်ခ်ဟာစီနာကို နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တရားဝင်မှုအပေါ် အငြင်းပွားဖွယ်ရာတွေကို ဖန်တီးခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာဟာ သူ့အစိုးရကို ဆန့်ကျင်တဲ့ လနဲ့ချီ ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေအပြီး ဩဂုတ် ၅ ရက်က အိန္ဒိယနိုင်ငံကို ထွက်မပြေးခင်အထိ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ခြင်းမရှိကြောင်း ဟာစီနာရဲ့ သားဖြစ်သူ ဆာဂျိဘ် ဝါဇဒ်က သြဂုတ်လမှာ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013