
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ရှိ မာသီယာထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၁၀ ယောက်ကို အမျိုးသားလုံခြုံရေးတပ်တွေက လိင်ပိုင်းဆိုင်ရာ မသင့်လျော်တဲ့ ထိတွေ့ကိုင်တွယ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ India For Myanmar အဖွဲ့က ဇွန် ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီလုပ်ရပ်ဟာ အိန္ဒိယပြည်တွင်းဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ လည်းဆိုထားပါတယ်။
လက်ရှိ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ မာသီယာ ထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံသား ၃၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီအထဲမှာ အမျိုးသမီး ၁၀ ယောက် ပါဝင်နေတာပါ။
ဇွန် ၂၂ ရက် မနက် ၅ နာရီ လောက်မှာ စခန်းရဲ့ လက်ထောက်ထောင်မှူး ရှန်တာနူးဒိပ်ရဲ့ ညွှန်ကြားချက်နဲ့ ဖမ်းဆီးခံအမျိုးသမီးတွေကို ရှာဖွေစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
အခုလိုစစ်ဆေးရာမှာ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တာမရှိဘဲ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကိုင်တွယ်ရှာဖွေခဲ့တာဖြစ်လို့ ဒါဟာ အိန္ဒိယက ကျင့်သုံးနေတဲ့ ဥပဒေကို ချိုးဖောက်ခဲ့တာလို့ ဆိုထားပါတယ်။
ဒါ့အပြင် အဲဒီအမျိုးသားလုံခြုံရေးအဖွဲ့တွေက မသင့်တော်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ထိတွေ့ကိုင်တွယ်မှုတွေရှိခဲ့ပြီး အခုလိုစစ်ဆေးမှုတွေကိုလည်း နေ့စဉ် ဒါမှမဟုတ် အပတ်စဉ် ဆက်လက်ပြုလုပ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
အခုလို လုပ်ဆောင်တာဟာ အမျိုးသမီးတယောက်ရဲ့ ကာယိန္ဒြေကို ဖျက်ဆီးဖို့ ရည်ရွယ်တဲ့ အင်အားသုံး စော်ကားမှုဖြစ်လို့ ဥပဒေအရ အရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုမြောက်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိ ထိန်းသိမ်းခံထားရသူတွေဟာ ပြစ်ဒဏ်ကာလ ပြည့်မြောက်ပြီးသူတွေ ဖြစ်ပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့် ပြန်လည်မပို့ဆောင်နိုင်ဘဲ အကျဉ်းထောင်စည်းမျဉ်းတွေနဲ့ တင်းကျပ်စွာ ထိန်းသိမ်းခံနေရတာပါ။
India For Myanmar ရဲ့ ဦးဆောင်သူ တယောက်က “နိုင်ငံခြားသား တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခံထားကြရတာပါ၊ ဒီဖြစ်ရပ်တွေကို လက်ရှိ ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရတဲ့အချိန်မှာ သူတို့ကိုယ်တိုင်ပြောတာပါ။ ခုလိုစာထုတ်ပြီး တောင်းဆိုရတာကလည်း သူတို့ကိုယ်တိုင်ရဲ့ တောင်းဆိုချက်အရပါ။ ခုလောလောဆယ်မှာ စည်းကမ်း အရမ်းတင်းကျပ်နေတဲ့အတွက် အရင်တုန်းက ဆက်သွယ်ခဲ့တဲ့ ဆက်သွယ်ရေးလိုင်းတွေက သုံးလို့မရဘူး ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
သူတို့ကို နိုင်ငံရေးခိုလှုံခွင့် ပေးထားပေမဲ့ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံ (UNHCR) ရဲ့ ဇီဝအချက်အလက် ကောက်ခံခွင့်ကိုလည်း အာဏာပိုင်တွေက ပိတ်ပင်ထားပါတယ်။
ဒါဟာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်စာချုပ် (ICCPR) အပိုဒ် ၁၀ ကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ India For Myanmar က ထောက်ပြထားပါတယ်။
လက်ရှိမှာတော့ ခုလိုဖြစ်ရပ်အပေါ် လွတ်လပ်ပွင့်လင်းစွာ စုံစမ်းပေးဖို့၊ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ UNHCR နဲ့ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အရေးပေါ် ကူညီဆောင်ရွက်ပေးကြဖို့ လိုအပ်နေတယ်လို့ တောင်းဆိုထားပါတယ်။










